Latin America
ကိုပါဖလား ဝင်ပြိုင်မည့် ဥရုဂွေးအသင်း အတွက် ဒဏ်ရာ မပျောက်ကင်းသေးသော်လည်း ဆွာရက် ရွေးခြယ် ခံရ

ရီယိုဒီဂျနေရို၊ မေ ၂၄ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ၌ ဇွန်လတွင် ကျင်းပမည့် ကိုပါ အမေရိကားဖလား ပြိုင်ပွဲအတွက် ဥရုဂွေး အသင်းသည် ကြွက်သား အရွတ်ဒဏ်ရာ နာကျင်ခံစား နေရလင့်ကစား တိုက်စစ်မှူး လူးဝစ်ဆွာရက်အား ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။
စပိန်နိုင်ငံ မက်ဒရစ်မြို့၌ မေလ ၂၂ ရက်က ကျင်းပခဲ့သည့် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲတွင် ဘာစီလိုနာ အသင်းသည် ဆီဗီလာအသင်းအား ၂ ဂိုး – ဂိုး မရှိဖြစ် အနိုင်ရခဲ့ပြီး ယင်းပွဲစဉ်တွင် ဘာကာ တိုက်စစ်မှူး ဆွာရက်သည် ညာခြေ တံကောက်ကွေးတွင် အရွတ်ဒဏ်ရာ ရရှိခဲ့သည်။ မေလ ၂၃ ရက်က ရိုက်ယူခဲ့သော ဓာတ်မှန်အရ ဆွာရက်သည် အနည်းဆုံး ရက်သတ္တပတ် ၃ ပတ် အနားယူရန် လိုအပ်နေရာ ကိုပါအမေရိကဖလားနှင့် လွဲချော်ဖွယ်ရှိနေသည်။
“ ဘာဆီလိုနာအသင်း ဆေးအဖွဲ့ရဲ့ ထောက်ခံမှုနဲ့ဆွာရက်ဟာ အသင်းမှာပဲ နာလံထူအောင် ပြန်စလုပ်ရမှာပါ” ဟု ကန်တလန် အခြေစိုက် အသင်းက မေလ ၂၃ ရက်တွင် ကြေညာချက် ထုတ်ခဲ့သည်။ ထို့ပြင် “အမေရိကန် နိုင်ငံကို ရောက် ရှိနေတဲ့ ဥရုဂွေး လက်ရွေးစင် အသင်းနဲ့ ဆွာရက်ဟာ ဇွန်လ ၁ ရက်မှာ သွားရောက် ပူးပေါင်းရမှာပါ။ ပြီးတော့ ဒုတိယအဆင့် ဆေးကုသ ခံယူမှုကိုလည်း အဲဒီမှာပဲ ဆက်လုပ်ရပါလိမ့်မယ် ” ဟု ဆိုသည်။
ဥရုဂွေး အသင်းသည် ဇွန်လ ၅ ရက်တွင် ကိုပါအမေရိကဖလား အုပ်စုပထမ ပွဲစဉ်အဖြစ် မက္ကဆီကို အသင်းနှင့် Phoenix တက္ကသိုလ် ဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်များကို ဇွန်လ ၁၆ ရက်တွင် စတင် ကျင်းပသွားမည်။
ဥရုဂွေးအသင်း ဆရာဝန် Alberto Pan က ဆွာရက်အနေဖြင့် ပြိုင်ပွဲ ဒုတိယအဆင့် ပွဲစဉ်များမှ စတင်ကာ အသင်းအတွက် ပါဝင်ကစားနိုင်မည် ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။
“သူ (ဆွာရက်) အမေရိကန်ကို တိုက်ရိုက်သွားရမှာပါ။ ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ ဘယ်အဆင့်ကပဲ ဝင်ကစားရပါစေ ဆွာရက်ကို ရွေးချယ်သွားဖို့ ဥရုဂွေး အသင်းနည်းပြ Oscar Tabarez က သဘောတူထားပြီးသားပါ ” ဟု ဆိုသည်။
လူးဝစ်ဆွာရက်သည် ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အီတလီ ကစားသမား Giorgio Chiellini ကို ကိုက်ခဲ့သည့် အမှုဖြင့် နိုင်ငံတကာ ပွဲပယ်ပြစ်ဒဏ် ၉ ပွဲ ချမှတ်ခြင်း ခံရပြီး ယင်းပြစ်ဒဏ်ကြောင့် ၂ဝ၁၅ ခုနှစ်တွင် ကျင်းပခဲ့သည့် ကိုပါအမေရိကဖလားတွင် ပါဝင်ခွင့်ဆုံးရှုးံခဲ့ရသည်။ ၎င်းသည် ၂ဝ၁၆ ခုနှစ် မတ်လတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလား ခြေစစ် ပွဲစဉ်အဖြစ် ဘရာဇီးအသင်း နှင့် ၂ ဂိုးစီ သရေကျခဲ့သော ပွဲစဉ်၌ ဥရုဂွေး နိုင်ငံလက်ရွေးစင် အသင်းတွင် တစ်ကျော့ပြန် ပါဝင် ကစားခွင့် ရခဲ့သည်။ (Xinhua)