Latin America
ဗင်နီဇွဲလား ထောင်ဆူမှုဖြစ်ပွားရာ အကျဉ်းသား ၃၇ ဦးသေဆုံး

ကာရာကပ်စ် ၊ သြဂုတ် ၁၇ ရက်(ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ တောင်ပိုင်း Amazonas ပြည်နယ်ရှိ အကျဉ်းထောင်တစ်ခုတွင် ထောင်ဆူမှုဖြစ်ပွားရာ အကျဉ်းသား ၃၇ ဦးထက်မနည်း သေဆုံးသွားကြောင်း အစိုးရရှေ့နေချုပ်ရုံးက သြဂုတ်လ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
အကျဉ်းသားများ နှင့် ရဲတပ်ဖွဲ့ဝင်များအကြား အဓိကရုဏ်းဖြစ်ပွားရာမှ တဆင့် လူသေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် ရဲအရာရှိ ၁၄ ဦးထိခိုက်ဒဏ်ရာရသွားကြောင်း တာဝန်ရှိသူများက ဆိုသည်။
Amazonas မြို့တော်ဝန် Liborio Guarulla က တွစ်တာလူမှုကွန်ရက်ပေါ်မှတဆင့် ရေးသားရာတွင် သတ်ဖြတ်မှုများမှာ Puerto Ayacucho မြို့ရှိ အကျဉ်းထောင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုဖော်ပြထားသည်။
၎င်းက အဆိုပါ သေဆုံးမှုများအတွက် FAN အထူးရဲတပ်ဖွဲ့ဝင်များ (သို့မဟုတ်) အမျိုးသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များကို ပြစ်တင်ပြောကြားထားသည်။
အခင်းဖြစ်မှု နှင့်ပတ်သက်၍ အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိသည်။
လွန်ခဲ့သော နှစ်များအတွင်း ဗင်နီဇွဲလားနိုင်ငံ၌ လူအများအပြားသေဆုံးသည့် ထောင်ဆူမှုများ မကြာခဏ ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သော ဧပြီလက Jose Antonio Anzoategui အကျဉ်းထောင် ဆူပူမှုအတွင်း အနည်းဆုံး လူပေါင်း ၁၂ ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
၂၀၁၃ ခုနှစ် ဇန်နဝါရီလက နိုင်ငံအနောက်မြောက်ပိုင်းရှိ Uribana အကျဉ်းထောင်၌ ဖြစ်ပွားခဲ့သော အကျဉ်းသား နှင့် ထောင်လုံခြုံရေးဝန်ထမ်းများအကြား ပဋိပက္ခအတွင်း လူပေါင်း ၆၁ ဦး သေဆုံးခဲ့ရသည်။
ရေနံပေါကြွယ်ဝသော ဗင်နီဇွဲလားနိုင်ငံ၌ ရေနံဈေးကျဆင်းမှု အကျပ်အတည်းကြောင့် စီးပွားရေးထိခိုက်လျက်ရှိရာ လုံခြုံရေးပြဿနာများလည်း ကြုံတွေ့နေရသည်။
ဗင်နီဇွဲလားနိုင်ငံသမ္မတ Nicolas Maduro က အမျိုးသားညီလာခံကို ကျင်းပပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လုပ်ဆောင်ရန် အမိန့်ပေးထားသည်။ သို့သော်လည်း အတိုက်အခံပါတီများက ငြင်းပယ်ထားကြောင်း သိရသည်။(Xinhua)