Connect with us

Latin America

မွန်ထရီယဲလ်၌ တိရစ္ဆာန်ရုံဝန်ထမ်း ခြင်္သေ့အကိုက်ခံရ

Granby တိရစ္ဆာန်ရုံအတွင်းမှ ခြင်္သေ့ များအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

အော့တဝါ ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ မွန်ထရီယဲလ်မြို့ရှိ Granby တိရစ္ဆာန်ဥယျာဉ်မှ ဝန်ထမ်းအမျိုးသမီးတစ်ဦးသည် သြဂုတ်လ ၈ ရက်က ခြင်္သေ့တိုက်ခိုက်ခံရမှုကြောင့် ခန္ဓာကိုယ်အောက်ပိုင်း နှင့် သားအိမ်ခေါင်းဝ၌ ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ကနေဒါရုပ်မြင်သံကြားက သတင်းဖော်ပြသည်။

ခြင်္သေ့လှောင်အိမ်ထဲ၌ ပုံမှန်သန့်ရှင်းရေးပြုလုပ်နေစဉ် တိရစ္ဆာန်ရုံဝန်ထမ်းသုံးဦးထဲမှ အဆိုပါ အမျိုးသမီးတစ်ဦးသည် တိုက်ခိုက်ခံလိုက်ရခြင်းဖြစ်ကြောင်း ၊ ၎င်းလှောင်အိမ်ထဲ၌ ခြင်္သေ့ အထီး နှစ်ကောင် နှင့် အမ တစ်ကောင် ရှိနေကြောင်းသိရသည်။
အခြားတိရစ္ဆာန်ရုံဝန်ထမ်း နှစ်ဦးသည် ခြင်္သေ့များအား ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့နှင့် ဖိအားပြင်းရေပိုက်ဖြင့် ရေဖျန်းပေးသည့် သတ်မှတ်စံချိန်စံညွှန်းအတိုင်း သန့်ရှင်းရေး ပြုလုပ်ပေးနေစဉ် အမျိုးသမီးဝန်ထမ်းမှာ ခြင်္သေ့၏ ခုန်အုပ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း တိရစ္ဆာန်ရုံတာဝန်ရှိသူများက ဆိုသည်။
အသက် ၂ဝ အရွယ်ရှိ ခြင်္သေ့တိုက်ခိုက်ခံရသည့် အမျိုးသမီးဝန်ထမ်းကို နီးစပ်ရာဆေးရုံသို့ပို့ဆောင်ထားကြောင်း နှင့် အခြေအနေမှာ ပုံမှန်အတိုင်း တည်ငြိမ်နေပြီးဖြစ်ကြောင်းသိရသည်။ ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျန်းမာရေး နှင့် လုပ်ငန်းခွင် လုံခြုံရေးကော်မရှင်က လိုအပ်သော စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။
အခင်းဖြစ်ပြီးနောက် ခြင်္သေ့သုံးကောင်စလုံးကို အများပြည်သူ မမြင်နိုင်သည့် နေရာသို့ပြောင်းရွှေ့ထားကြောင်းသိရသည်။ ၎င်းဖြစ်စဉ်မှာ ကနေဒါတိရစ္ဆာန်ရုံ၌ ပထမဆုံးအကြိမ် တောကောင်ကြီးများ၏ တိုက်ခိုက်ခံရခြင်းမဟုတ်ပေ။ ၂ဝ၁၃ ခုနှစ်ကလည်း ကနေဒါနိုင်ငံ Quebec မြို့ရှိ St-Felicien တိရစ္ဆာန်ဥယျာဉ် ဝန်ထမ်းတစ်ဦးသည် ဆိုက်ဘေးရီးယမ်းကျား အကိုက်ခံရပြီး သေလုမြောပါးဒဏ်ရာရခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.