Connect with us

Latin America

ကမ္ဘာ့စံချိန်ချိုး၍ တရုတ်အလေးမ အားကစားသမား ဒုတိယမြောက် အိုလံပစ်ရွှေတံဆိပ် ဆွတ်ခူး

ရီယိုအိုလံပစ် ရွှေတံဆိပ်ဆုရှင် တရုတ်အလေးမသမား Long Qingquan အားတွေ့ရစဉ်(ဆင်ဟွာ)

ရီယိုဒီဂျနေရို ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ အလေးမအားကစားသမား Long Qingquan သည် ဘရာဇီးနိုင်ငံ၌ ကျင်းပနေသည့် အိုလံပစ်ပြိုင်ပွဲ၏ အမျိုးသား ၅၆ ကီလိုတန်း အလေးမပြိုင်ပွဲတွင် စုစုပေါင်း အလေးချိန် ၃ဝ၇ ကီလိုဂရမ်ဖြင့် ကမ္ဘာ့စံချိန်သစ်တစ်ရပ်ကို တင်နိုင်ခဲ့ရာ အိုလံပစ်ပြိုင်ပွဲတစ်လျှောက် ၎င်း၏ ဒုတိယမြောက်ရွှေတံဆိပ်တစ်ခုကို ထပ်မံဆွတ်ခူးခဲ့ကြောင်း သိရသည်။

၂ဝဝ၈ အိုလံပစ်ပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် အသက် ၂၅ နှစ်အရွယ်ရှိ တရုတ်အလေးမသမား Long သည် ၎င်း၏ အနီးကပ်ပြိုင်ဖက် မြောက်ကိုးရီးယားနိုင်ငံသား Om Yun Chaol ကို ကျော်ဖြတ်၍ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။
Long သည် အမြန်မပြိုင်ပွဲတွင် ၁၃၇ ကီလိုဂရမ် နှင့် နှစ်ဆင့်မပြိုင်ပွဲတွင် ၁၇ဝ ကီလိုဂရမ်ဖြင့် အောင်မြင်စွာ မတင်နိုင်ခဲ့ရာ ၂ဝဝဝ ပြည့်နှစ် ဆစ်ဒနီအိုလံပစ်ပြိုင်ပွဲ ၌ တူရကီနိုင်ငံသား Halil Mutlu ကစွမ်းဆောင်ခဲ့သည့် ၃ဝ၅ ကီလိုဂရမ်ဖြင့် စံချိန်တင်ထားမှုကို ၁၆ နှစ်အကြာတွင် အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။

ရီယိုအိုလံပစ် ရွှေတံဆိပ်ဆုရှင် တရုတ်အလေးမသမား Long Qingquan အားတွေ့ရစဉ်(ဆင်ဟွာ)

ရီယိုအိုလံပစ် ရွှေတံဆိပ်ဆုရှင် တရုတ်အလေးမသမား Long Qingquan အားတွေ့ရစဉ်(ဆင်ဟွာ)
အသက် ၂၄ နှစ်အရွယ် Om က အမြန်မတွင် ၁၃၄ ကီလိုဂရမ် နှင့် နှစ်ဆင့်မတွင် ၁၆၉ ကီလိုဂရမ်ဖြင့် စုစုပေါင်း ၃ဝ၃ ကီလိုဂရမ်ကို အောင်မြင်စွာမတင်ကာ ရီယိုပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆွတ်ခူးခဲ့သည်။
Long သည် အိုလံပစ်ပြိုင်ပွဲ၏ ပထမဆုံးရွှေတံဆိပ်တစ်ခုကို ဆွတ်ခူးပြီး ၈ နှစ်အကြာမှ ဒုတိယမြောက်ရွှေတံဆိပ် တစ်ခုကို ထပ်မံဆွတ်ခူးခဲ့သည့် ပထမဆုံး အလေးမသမား ဖြစ်လာခဲ့သည်။
“ ကျနော်သိပ်ပျော်တယ်။အရမ်းလည်းဂုဏ်ယူတယ်။ ဒီပြိုင်ပွဲကို လာခဲ့တာ အိပ်မက် နှစ်ခု ရှိတယ်။ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့နဲ့စံချိန်သစ်တင်ဖို့ပဲ။ အဲဒီ နှစ်ခု စလုံးကို ကျနော် လုပ်နိုင်ခဲ့တယ်” ဟု Long က ဆိုသည်။
“ ဒီပွဲအတွက် လေးနှစ်လောက် အချိန်ယူပြင်ဆင်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ ၂ဝဝ၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲတုန်းက ကျနော်ဝင်မပြိုင်ဖြစ်ခဲ့ဘူး။ နောက်လေးနှစ်အကြာမှာတော့ ကျနော် အောင်မြင်စွာ လုပ်နိုင်ခဲ့ပါပြီ” ဟု ဆက်လက်ပြောကြားသည်။
အဆိုပါပြိုင်ပွဲတွင် ထိုင်းနိုင်ငံမှ အလေးမအားကစားသမား Sinphet Kuraithong က စုစုပေါင်းအလေးချိန် ၂၈၉ ကီလိုဂရမ်ကို မတင်၍ တတိယကြေးတံဆိပ်ကို ဆွတ်ခူးခဲ့ပြီး အိုလံပစ်ပြိုင်ပွဲ၌ နိုင်ငံအတွက် ပထမဆုံး အလေးမ ဆုတံဆိပ်တစ်ခု ဆွတ်ခူးပေးသူအဖြစ်မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.