Connect with us

Latin America

ဖိလစ်ပိုင်တွင် မူးယစ်သံသယရှိသူများအား ဥပဒေကျော်လွန် သတ်ဖြတ်နေခြင်းကို စိုးရိမ်ကြောင်း အမေရိကန်ပြော

မူးယစ်ဆေးဝါးမှုနှင့်ပက်သက်၍ အစစ်ဆေးခံရန် Taliltay မြို့တော်ဝန် Montasir Sabal ဖိလစ်ပိုင်နိုင်ငံရဲဌာနချုပ်သို့ရောက်ရှိလာစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ၌ မူးယစ်ဆေးဝါးသုံးစွဲသည်ဟု သံသယရှိသူများအား အစိုးရက နှိမ်နင်းသတ်ဖြတ်နေသည့် လုပ်ရပ်အပေါ် “ဥပဒေကိုကျော်လွန်၍ သတ်ဖြတ်မှု” ဟု စွပ်စွဲလိုက်ပြီး ၊ ဖိလစ်ပိုင်အစိုးရအနေဖြင့် လူ့အခွင့်အရေးဥပဒေများကို လေးစားလိုက်နာရန် သြဂုတ်လ ၈ ရက်တွင် အမေရိကန်နိုင်ငံက တောင်းဆိုလိုက်သည်။

“ ဖိလစ်ပိုင်နိုင်ငံမှာ မူးယစ်ဆေးဝါးသုံးစွဲတယ်လို့သံသယရှိသူတွေကို ဖမ်းဆီးနေတာတွေ ဥပဒေကိုကျော်လွန်ပြီး သတ်ဖြတ်နေတာတွေကို ကျမတို့စိုးရိမ် မကင်းဖြစ်မိပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Elizabeth Trudeau က နေ့စဉ်ပြုလုပ်နေသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။
တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရာတွင် ကမ္ဘာ့လူ့အခွင့်အရေးများကို လေးစားလိုက်နာရန် အမေရိကန်နိုင်ငံက ယုံကြည်ထားကြောင်း အဲလိဇဘတ် က ဖြည့်စွက်ပြောကြားသည်။ ထို့ပြင် ၎င်းတို့အစိုးရအနေဖြင့် ဖိလစ်ပိုင်နိုင်ငံတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဒီမိုကရေစီ၏ အခြေခံစည်းမျဉ်းစည်းကမ်းများသည် အလွန်အရေးကြီးကြောင်း အလေးအနက် တိုက်တွန်းရန် ဆွေးနွေးမှုများဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ဖိလစ်ပိုင်နိုင်ငံ သမ္မတ Rodrigo Duterte သည် ၂ဝ၁၆ခုနှစ်ဇွန်လမှ စတင်ကာ နိုင်ငံအတွင်း၌ မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေး စစ်ဆင်ရေးကို အပြင်းအထန် လုပ်ဆောင်ခဲ့ပြီး နိုင်ငံအတွင်းရှိ တရားသူကြီးများ ၊ စစ်တပ်အရာရှိများ ၊ ရဲအရာရှိများ နှင့် လွှတ်တော်အမတ်များအပါအဝင် စုစုပေါင်း နိုင်ငံ့ဝန်ထမ်း ၁၅ဝ ကျော်ကိုလည်း မူးယစ်ဆေးဝါး နှင့် ဆက်စပ်သော ပြစ်မှုများကိုကျူးလွန်ခဲ့သည်ဟုဆိုကာ သြဂုတ်လ ၈ ရက်တွင်ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
သမ္မတ Duterte သည် ဖိလစ်ပိုင်နိုင်ငံအတွင်းရှိ မူးယစ်ရာဇာများ နှင့် ၎င်းတို့အား အကာအကွယ်ပေးထားသည့် ရဲအရာရှိများ နှင့် မူးယစ်ဆေးဝါးနိုင်ငံရေးသမားများ “ narco politicians” ဟု နာမည်ကျော်နေသည့် နိုင်ငံရေးသမားများကို ပါ ဖမ်းဆီးရန် အမိန့်ထုတ်ပြန်ထားသည်။
အဆိုပါ မူးယစ်ဆေးဝါးနှိမ်နင်းမှုစစ်ဆင်ရေးအတွင်း ယခုအချိန်ထိ အနည်းဆုံး လူပေါင်း ၆ဝဝ ကျော် သုတ်သင်သတ်ဖြတ်ခံခဲ့ရပြီးဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.