Connect with us

Latin America

အမေရိကန် စီးနင်းတိုက်ခိုက်မှုတွင် အိုင်အက်စ် အဓိက ခေါင်းဆောင် သေဆုံးခဲ့ကြောင်း ပင်တဂွန်ပြောကြား

အိုင်အက်စ်တွင် ဘဏ္ဍာရေးဝန်ကြီး Abd al- Rahman Mustafa al-Qaduli အားတွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဝါရှင်တန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ဆီးရီးယားတွင် အမေရိကန်၏ စီးနင်းတိုက်ခိုက်မှုများ၌ အိုင်အက်စ် (IS) ၏ ထိပ်တန်းခေါင်းဆောင်ပိုင်း အကြီးတန်း အရာရှိ တစ်ဦး သေဆုံးခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က မတ်လ ၂၅ ရက်က ကြေညာခဲ့သည်။

အိုင်အက်စ် ဘဏ္ဍာရေးဝန်ကြီး Abd al- Rahman Mustafa al-Qaduli (ခေါ်) Haji I Man (ခေါ်) al-Afri သည် ယခုရက်သတ္တပတ် အတွင်း အမေရိကန် စစ်တပ်၏ စီးနင်းတိုက်ခိုက်မှု၌ သေဆုံးခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ် ကာတာ (Ash Carter) က ပင်တဂွန်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

သို့ရာတွင် al-Qaduli သေဆုံးမှုနှင့် ပတ်သက်သည့် စစ်ဆင်ရေး၏ အသေးစိတ်အချက်အလက်များ ပြောကြား ရန်ကိုမှု ကာတာက ငြင်းဆိုထားသည်။ တစ်ချိန်တည်းမှာပင် အမေရိကန် စစ်ဆင်ရေးများ၌ ခေါင်းဆောင်ပိုင်း အစားထိုး လဲလှယ်မှုလည်း ရှိနိုင်ကြောင်း ကာတာ က ပြောကြားထားသည်။

ယခုလို al-Qaduli သေဆုံးကြောင်း ကြေညာခဲ့သည်မှာ ပထမဆုံး အကြိမ် မဟုတ်ခဲ့ပေ။ ၂၀၁၅ ခုနှစ် မေလ တွင်လည်း အီရတ် မြောက်ပိုင်း၌ အမေရိကန် ဦးဆောင်သည့် မဟာမိတ်တပ်များ လေကြောင်းစစ်ဆင်ရေးတွင် ၎င်း သေဆုံးကြောင်း အီရတ် ကာကွယ်ရေးဝန်ကြီးက ကြေညာခဲ့ဖူးပြီး နောက်ပိုင်း၌ ပင်တဂွန်က အဆိုပါ သတင်းအား ပယ်ချခဲ့သည်။

၂၀၁၄ ခုနှစ်က al-Qaduli အား ကမ္ဘာ့ အကြမ်းဖက်သမားအဖြစ် အမေရိကန် ဘဏ္ဍာရေးဋ္ဌာနက သတ်မှတ်ခဲ့ သည်။ ၎င်းအား ဖမ်းဆီးမိရန် သတင်းပေးနိုင်သူအား အမေရိကန် ဒေါ်လာ ၇ သန်း ချီးမြှင့်မည် ဖြစ်ကြောင်း ၂၀၁၅ ခုနှစ်က ကြေညာခဲ့သည်။ (Xinhua)