North America
မက္ကဆီကို နိုင်ငံ က အမေရိကန် နိုင်ငံ ၏ နယ်စပ် တံတိုင်းတည်ဆောက်မှု တွင် ကုန်ကျငွေ ပေးမည် မဟုတ်ကြောင်း ထပ်မံ ပြောကြား
မက္ကဆီကိုစီးတီး ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)
မက္ကဆီကို နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန က သြဂုတ်လ ၂၇ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် မက္ကဆီကို နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ ၏ နယ်စပ် တံတိုင်းတည်ဆောက်မှု ကုန်ကျငွေ ကို ပေးချေမည်မဟုတ်ကြောင်း ထပ်မံ ပြောကြား ခဲ့သည်။
ထုတ်ပြန်ချက်တွင် မက္ကဆီကို နိုင်ငံ အနေဖြင့် မည်သည့် အကြောင်းအရင်း ဖြစ်စေ ၊ မည်သည့် ပုံစံမျိုးဖြင့် ဖြစ်စေ အမေရိကန် နိုင်ငံ မှ နှစ်နိုင်ငံ နယ်စပ်တွင် တည်ဆောက်နေသည့် တံတိုင်း သို့မဟုတ် အတားအဆီး အတွက် ကုန်ကျမည့် အခကြေးငွေကို ပေးချေမည် မဟုတ်ကြောင်း ၊ ယခု ဆုံးဖြတ်ချက်သည် မက္ကဆီကို နိုင်ငံ ၏ ဆွေးနွေးမှု ဗျူဟာမဟုတ်ဘဲ မိမိ နိုင်ငံ၏ အချုပ်အခြာအာဏာ နှင့် ဂုဏ်သိက္ခာ ကို ထိန်းသိမ်း ကာကွယ်ခြင်း ဖြစ်ကြောင်း ဆိုထားသည်။
အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က လူမှုကွန်ရက် စာမျက်နှာတွင် မက္ကဆီကို နိုင်ငံ သည် ကမ္ဘာပေါ်ရှိ ဒုစရိုက်မှု အများဆုံး ဖြစ်ပွား သည့် နိုင်ငံတစ်နိုင်ငံအပါအဝင် ဖြစ်ပြီး အမေရိကန် နိုင်ငံ အနေဖြင့် ယခု ကဲ့သို့သော တံတိုင်းတစ်ခု လွန်စွာ လိုအပ်ကြောင်း ၊ မက္ကဆီကို နိုင်ငံ က ယင်းတံတိုင်းအတွက် ငွေပေးချေခြင်း သို့မဟုတ် အခြား နည်းလမ်း တစ်မျိုးမျိုးဖြင့် ကုန်ကျငွေ ကို ပေးချေရမည် ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။
ဒေါ်နယ်ထရမ့် သည် သြဂုတ်လ ၂၂ ရက်နေ့၌ Arizona ပြည်နယ် သို့သွားရောက်ခဲ့ပြီး အမေရိကန် နိုင်ငံ သမ္မတ တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံး အကြိမ် မက္ကဆီကို နယ်စပ် သို့သွားရောက်ခြင်း ဖြစ်သည်။ ဒေါ်နယ်ထရမ့် သည် သမ္မတ တာဝန်ထမ်းဆောင်ချိန် မှစ၍ နယ်စပ်ဒေသတွင် တံတိုင်းတည်ဆောက်မည် ဟု အကြိမ်ကြိမ် ပြောကြားခဲ့ပြီး ကုန်ကျငွေ ကို မက္ကဆီကို နိုင်ငံ အား တာဝန်ယူခိုင်းမည် ဟု ပြောကြား ခဲ့သော်လည်း မက္ကဆီကို နိုင်ငံ ၏ ငြင်းဆိုမှု ကို ခံခဲ့ရကြောင်း သိရှိရသည်။(Xinhua)