Connect with us

North America

မေဝယ်သာ က စိန်ခေါ်သူ ကော်နာ မက်ဂရီဂေါ်အား ဒိုင်ပွဲရပ်ဖြင့် အနိုင်ရ

ကမ္ဘာ့ လက်ဝှေ့ ချန်ပီယံ မေဝယ်သာ နှင့် စိန်ခေါ်သူ Conor McGregor တို့ ယှဉ်ပြိုင်ထိုးသတ်စဉ်(ဓာတ်ပုံ-အင်တာနက်)

လောစ့်အိန်ဂျလိစ် ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသား လက်ဝှေ့အကျော်အမော် မေဝယ်သာ က ကိုယ်ခံပညာပေါင်းစုံ (MMA) ချန်ပီယံ အိုင်ယာလန်နိုင်ငံသား ကော်နာ မက်ဂရီဂေါ် အား အမေရိကန်နိုင်ငံ လတ်စ်ဗီဂတ်စ်မြို့၌ ယနေ့( သြဂုတ်လ ၂၇ ရက်)တွင် ယှဉ်ပြိုင်ထိုးသတ်သည့် ပွဲစဉ်၌ ဆယ်ချီအရောက်တွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။

၎င်းပွဲစဉ်သည် မေဝယ်သာအတွက် လက်ဝှေ့ပွဲပေါင်း ၅ဝ ပြည့် ထိုးသတ်သည့် ပွဲစဉ်တစ်ခုဖြစ်ခဲ့သလို ရာစုနှစ်၏ အကြီးကျယ်ဆုံး လက်ဝှေ့ပွဲတစ်ခုဖြစ်ကြောင်း T-Mobile Arena ရုပ်သံလိုင်းက ဆိုသည်။ ကမ္ဘာတစ်ဝန်း ခန့်မှန်းခြေ ပရိသတ်ပေါင်း သန်း ၅ဝ ခန့်ရုပ်သံအစီအစဉ်မှကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကမ္ဘာ့လက်ဝှေ့ချန်ပီယံ မေဝယ်သာ နှင့် စိန်ခေါ်သူ Conor McGregor တို့ဟန်ရေးပြနေစဉ်(ဆင်ဟွာ)

အသက် ၄ဝ နှစ်အရွယ်ရှိ မေဝယ်သာသည် ဆုကြေးစားလက်ဝှေ့ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိ စံချိန်ကို တင်နိုင်ခဲ့သည်။သို့သော် ယခုပြိုင်ပွဲသည် UFC လိုက်ဝယ်သာတန်းချန်ပီယံ မက်ဂရီဂေါ်အတွက် ပထမဆုံး ယှဉ်ပြိုင်ထိုးသတ်သည့် လက်ဝှေ့ပွဲစဉ်တစ်ခုဖြစ်သည်။

မေဝယ်သာသည် အသက် ၂၉ နှစ်အရွယ်ရှိ ဂရီဂေါ်အား ဘယ်ညာတွဲလက်သီးများဖြင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ဆယ်ချီမြောက်တွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။လက်ဝှေ့ပွဲအပြီးတွင် မေဝယ်သာက “ ကျွန်တော်ထင်ထားတာထက် သူအများကြီးပိုကောင်းပါတယ်” ဟု ပြိုင်ဘက် ဂရီဂေါ်အားချီးကျူးစကားဆိုခဲ့သည်။ ယခုပွဲစဉ်သည် မေဝယ်သာအတွက် နောက်ဆုံးထိုးသတ်သော လက်ဝှေ့ပွဲစဉ်တစ်ခု ဖြစ်ကြောင်း သိရသည်။ယခုပြိုင်ပွဲသည် လက်ဝှေ့သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ပွဲစဉ်တစ်ခုအဖြစ် မျှော်လင့်ထားပြီး ၂ဝ၁၅ ခုနှစ်တွင် ထိုးသတ်ခဲ့သော မေဝယ်သာ နှင့် မန်နီပက်ကွီယိုတို့ပွဲစဉ်၌ ပေးအပ်ခဲ့သော ဆုကြေး အမေရိကန်ဒေါ်လာ သန်း ၆ဝ ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။(Xinhua)