Connect with us

North America

ကုန်သွယ်ရေးဆွေးနွေးမှုများအတွက် ထရမ့်နှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် တွေ့ဆုံ

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ယာဘက်ပထမဆုံး) နှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် လျူဟဲ (ရှေ့တန်းဝဲဘက် ဒုတိယမြောက်) တို့ ဖေဖော်ဝါရီလ ၂၂ ရက်တွင် အိမ်ဖြူတော်၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် လျူဟဲ (Liu He) နှင့် အိမ်ဖြူတော်၌ ဖေဖော်ဝါရီလ ၂၂ ရက်က တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ကျင်းပဆဲ နှစ်နိုင်ငံ အဆင့်မြင့် ကုန်သွယ်ရေး ဆွေးနွေးမှုများအကြောင်း ပြောကြားခဲ့ကြသည်။

လျူသည် ဖေဖော်ဝါရီလ ၂၁ ရက်မှစတင်ကာ ကျင်းပသည့် ကမ္ဘာ့စီးပွားရေးအင်အားကြီး နှစ်နိုင်ငံအကြား ၇ ကြိမ်မြောက် စီးပွားရေးနှင့် ကုန်သွယ်ရေး အဆင့်မြင့် ဆွေးနွေးပွဲများ တက်ရောက်ရန် ဝါရှင်တန်ဒီစီသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် လျူသည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးသံတမန်အဖြစ် အမေရိကန်သို့ လာရောက်ခြင်းလည်း ဖြစ်သည်။

လျူသည် ပထမဆုံး သမ္မတ ရှီ၏ သဝဏ်လွှာအား ထရမ့်ထံသို့ လွှဲပြောင်းပေးခဲ့သည်။ တရုတ်နိုင်ငံ သမ္မတ ရှီက တရုတ်-အမေရိကန် ကုန်သွယ်ရေး ဆွေးနွေးမှုများမှာ မကြာသေးမီက ကောင်းမွန်သော တိုးတက်မှုရှိခဲ့ကြောင်း၊ နှစ်နိုင်ငံလုံးနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အပြုသဘောဆောင်သည့် တုန့်ပြန်မှုများ ရရှိခဲ့ကြောင်း သဝဏ်လွှာ၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဘက်က စေ့စပ်ညှိနှိုင်းသူအဖွဲ့ခေါင်းဆောင် လျူက လွန်ခဲ့သည့် နှစ်ရက်အတွင်း နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးအဖွဲ့များက ဆွေးနွေးမှုများ အောင်မြင်မှုရှိခဲ့ကြောင်းနှင့် ကုန်သွယ်မှုမျှခြေ၊ စိုက်ပျိုးရေး၊ နည်းပညာလွှဲပြောင်းရေး၊ ဉာဏပိုင်ဆိုင်မှုအခွင့်အရေး ကာကွယ်ရေးနှင့် ငွေရေးကြေးရေး ဝန်ဆောင်မှုမျာကဲ့သို့ နယ်ပယ်များ၌ ကောင်းမွန်သော တိုးတက်မှုရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က အမေရိကန်-တရုတ် ဆက်ဆံရေးက အလွန်ကောင်းမွန်ပြီး လွန်ခဲ့သည့် နှစ်ရက်အတွင်း ဆွေးနွေးပွဲများက ကြီးမားသော တိုးတက်မှုများ ရှိနေခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။

နှစ်နိုင်ငံ ဆွေးနွေးပွဲများအား ဖေဖော်ဝါရီလ ၂၄ ရက်အထိ ဆက်လက်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ထရမ့်က မကြာမီကာလတွင် ၎င်းအနေဖြင့် သမ္မတ ရှီနှင့် ထပ်မံတွေ့ဆုံရန်နှင့် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေးဆက်ဆံမှုများ၌ သမိုင်းဝင်အခိုက်အတန့်တစ်ခုတွင် ပူးတွဲသက်သေထားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.