Connect with us

North America

တွစ်တာ ပူးတွဲတည်ထောင်သူ အီဗန် ဝီလျံ ဘုတ်အဖွဲ့မှ နုတ်ထွက်မည်ဟု ကြေညာ

တွစ်တာ ပူးတွဲတည်ထောင်သူ အီဗန် ဝီလျံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆန်ဖရန်စစ္စကို၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

တွစ်တာ ပူးတွဲတည်ထောင်သူ အီဗန် ဝီလျံ (Evan Williams) က ၎င်းအနေဖြင့် အမေရိကန် လူမှုကွန်ရက်ကြီးဖြစ်သော တွစ်တာ (Twitter) ဒါရိုက်တာဘုတ်အဖွဲ့မှ ယခုလကုန်တွင် နုတ်ထွက်မည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၂ ရက်တွင် ပြောကြားလိုက်သည်။

“တွစ်တာဘုတ်အဖွဲ့မှာ ၁၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ရတဲ့အတွက် ကျွန်တော်က အလွန်ကံကောင်းတဲ့သူပါ။ ဒီမှာက စိတ်ပါဝင်စားရှိစေသလို ပညာတွေတိုးစေပြီး တစ်ချိန်တည်းမှာ စိန်ခေါ်မှုတွေလည်း ကြုံတွေ့ခဲ့ရတယ်” ဟု တွစ်တာတွင် စီအီးအို တာဝန်ထမ်းဆောင်ခဲ့သော ဝီလျံက တွစ်တာအကောင့်တွင် ရေးသားခဲ့သည်။

“နေ့တိုင်း အလုပ်ကြိုးစားလုပ်ကိုင်ကြသော” တွစ်တာတွင် တာဝန်ထမ်းဆောင်သူ ဝန်ထမ်း ၄၀၀၀ နီးပါးကိုလည်း ကျေးဇူးတင်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဝီလျံသည် လက်ရှိတွင် ၎င်းကိုယ်တိုင် ၂၀၁၂ ခုနှစ်က တည်ထောင်ထားသော ဆန်ဖရန်စစ္စကိုအခြေစိုက် အွန်လိုင်း နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Medium ၏ အမှုဆောင်အရာရှိအဖြစ် လုပ်ကိုင်နေကြောင်း သိရသည်။ (Xinhua)