North America
ထောင်အစောင့် ၂ဦးကို သတ်၍ အမေရိကန် ထောင်သား ၂ဦး လွတ်မြောက်သွား
ဝါရှင်တန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ တောင်ပိုင်း ဂျော်ဂျီယာပြည်နယ် ရှိ ပွတ်နမ် စီရင်စု တွင် ဇွန်လ ၁၃ ရက် နံနက်ပိုင်းက ထောင်သား ၂ဦးအား ဘတ်စ်ကားအတွင်းသို့ ရွှေ့ပြောင်းနေစဉ် ၎င်းတို့နှစ်ဦးသည် အစောင့် ၂ဦးအား ပစ်သတ်ကာ လွတ်မြောက်သွားကြောင်း နှင့် ၎င်းတို့အား အမေရိကန်ရဲတပ်ဖွဲ့က ရှာဖွေနေကြောင်း သိရသည်။
ယင်းဖြစ်ရပ်သည် စပါတာမြို့ အနီးရှိ အဝေးပြေးလမ်း အမှတ် (၁၆) တွင် ဇွန်လ ၁၃ ရက် နံနက်ပိုင်း က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ က ယင်း လမ်းမကြီးအား ပိတ်ပစ်ခဲ့ကာ အကျဉ်းသား ၂ဦးကို ရှာဖွေနေကြောင်း စီရင်စု ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ဂျော်ဂျီယာပြည်နယ် မှုခင်းဆိုင်ရာဋ္ဌာန မှ Joan Heath က “ယခုအချိန်မှာ အသေးစိတ်အချက်အလက်ကို မသိရှိသေးပါဘူး။ အဆိုပါ ဧရိယာမှာ ဇွန်လ ၁၃ ရက် နံနက် က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေတယ်ဆိုတာကိုတော့ အတည်ပြုပေးလို့ရပါတယ်” ဟု ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။
ထွက်ပြေးလွတ်မြောက်နေဆဲ အကျဉ်းသား ၂ဦးမှာ လူဖြူများဖြစ်သည်ဟု သတ်မှတ်ခဲ့ပြီး ရဲတပ်ဖွဲ့အား မျက်မြင်သက်သေတစ်ဦးက အဆိုပါ အကျဉ်းသားများသည် အစိမ်းရင့်ရောင် ဟွန်ဒါကားဖြင့် ထွက်ပြေးသွားကြကြောင်း ပြောကြားခဲ့သည်ကို ပြည်တွင်းသတင်းမီဒီယာ က ဖော်ပြခဲ့သည်။ (Xinhua)