North America
ပန်ဆယ်လ်ဗေးနီးယားပြည်နယ်တွင် ဘိုင်ဒန်က ထရမ့်ကို ဦးဆောင်၊ ဆန္ဒမဲများ ဆက်လက်ရေတွက်နေဆဲဖြစ်

ဝါရှင်တန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်
အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲတွင် အဓိက အကြိတ်အနယ်ယှဉ်ပြိုင်ရသော ပြည်နယ်တစ်ခုဖြစ်သည့် ပန်ဆယ်လ်ဗေးနီးယားပြည်နယ် မဲရေတွက်မှုတွင် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဂျိုးဘိုင်ဒန်က သမ္မတ ဒေါ်နယ်ထရမ့်ကို ဦးဆောင်နေကြောင်း အမေရိကန် မီဒီယာများစွာက နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ဖော်ပြခဲ့သည်။
ကိုယ်စားလှယ်မဲ (electoral vote) ၂၀ ရှိသော အဆိုပါ ပြည်နယ်၌ ဆန္ဒမဲ ၉၈ ရာခိုင်နှုန်း ရေတွက်ပြီးနောက် ဘိုင်ဒန်က ထရမ့်အား ၀.၁ ရာခိုင်နှုန်း အသာစီးရနေကြောင်း Fox News သတင်းအရ သိရသည်။
လက်ရှိတွင် နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းအထိ ဘိုင်ဒန်သည် အိမ်ဖြူတော်ကိုဆက်ခံရန် ကိုယ်စားလှယ်မဲ ၂၅၃ မဲ ပိုင်ဆိုင်ထားပြီး ထရမ့်က ၂၁၃ မဲသာ ရရှိထားကြောင်း CNN က ဆိုသည်။
Fox News နှင့် The Wall Street ဂျာနယ်၏ဖော်ပြချက်အရမူ ဒုတိယသမ္မတဟောင်း ဘိုင်ဒန်သည် ကိုယ်စားလှယ်မဲ ၂၆၄ မဲ ရရှိထားပြီး ယခင်က ရီပက်ဘလစ်ကန်ပါတီ၏ အမာခံနေရာဖြစ်သော အရီဇိုးနားပြည်နယ်တွင် ၁၁ မဲ ရရှိကြောင်း သိရသည်။
သမ္မတလောင်းများအနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် မဲ စုစုပေါင်း ကိုယ်စားလှယ်မဲ ၅၃၈ ရှိသည့်အနက် အနည်းဆုံး ၂၇၀ မဲ ရရှိရန် လိုအပ်သည်။
ဆန္ဒမဲများ ဆက်လက်ရေတွက်နေဆဲဖြစ်သည့်အတွက် ပန်ဆယ်လ်ဗေးနီးယား၊ ဂျော်ဂျီယာ၊ မြောက်ကယ်ရိုလိုင်းနား၊ နီဗားဒါးနှင့် အလက်စကာ ပြည်နယ်များအတွက် ရလဒ်များကို အဓိက သတင်းကွန်ရက်အများစုက ဖော်ပြထားခြင်းမရှိသေးပေ။ (Xinhua)