Connect with us

North America

အမေရိကန်နိုင်ငံ၌ တစ်ရက်အတွင်း COVID-19 ကူးစက်ခံရသူ ၁၁၀,၀၀၀ ကျော်ဖြင့် အမြင့်ဆုံး စံချိန်သစ်တင်ခဲ့

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ စာအုပ်ဆိုင်တစ်ဆိုင်တွင် နှာခေါင်းစည်းတပ်ဆင်ထားသော လူငယ်များအား နိုဝင်ဘာ ၁ ရက်က တွေ့ရစဉ်(Xinhua/Wang Ying)

ဝါရှင်တန်၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံ၌ နိုဝင်ဘာ ၅ ရက်က တစ်ရက်အတွင်း COVID-19 ရောဂါကူးစက်ခံရသူ ၁၁၀, ၀၀၀ ကျော်ဖြင့် ကူးစက်မှုအမြင့်ဆုံး ကမ္ဘာ့စံချိန်သစ်တစ်ရပ် တင်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၅ ရက်တွင် အမေရိကန်နိုင်ငံ၌ ရောဂါဖြစ်ပွားသူအသစ် စုစုပေါင်း ၁၁၇,၉၈၈ ဦး နှင့် သေဆုံးသူ ၁,၁၃၅ ဦး ရှိခဲ့ကြောင်း အမေရိကန်နိုင်ငံ ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေးစင်တာ (CDC) ၏ နိုဝင်ဘာ ၆ ရက်က နောက်ဆုံးထုတ်ပြန်သော ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။

အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် ချီကာဂိုခရိုင်အတွင်းရှိ  Fulton Market ၏ မုန့်စားတန်းတွင် ဆိုင်ထိုင်စားသုံးနေသူများအား အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ်(Joel Lerner/Xinhua)

နိုဝင်ဘာ ၄ ရက်က တစ်ရက်အတွင်း ကူးစက်မှုအသစ် အမြင့်ဆုံးစံချိန် ၁၀၆, ၅၃၇ ဦးကို နိုဝင်ဘာ ၅ ရက်တွင် စံချိန်သစ်တစ်ခုဖြင့် ထပ်မံချိုးလိုက်ခြင်းဖြစ်သည်။အမေရိကန်နိုင်ငံ၌ တစ်ရက်အတွင်း ကူးစက်လူနာသစ် တစ်သိန်းကျော်ဖြင့် နှစ်ရက်ဆက်တိုက် ရပ်တည်ခဲ့ခြင်းလည်း ဖြစ်သည်။ ယင်းမှာ ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက စိုးရိမ်ဖွယ်ရာမှတ်တမ်းတစ်ခုအဖြစ် အမြင့်ဆုံး ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ယင်းအရေအတွက်သည် လွန်ခဲ့သော လအနည်းငယ်ကတည်းက ကျွမ်းကျင်ပညာရှင်များ ကြိုတင်ခန့်မှန်းခဲ့သော အနေအထားတစ်ရပ်ဖြစ်သည်။ နေ့စဉ်ကူးစက်မှုသစ် ၄၀,၀၀၀ ခန့်ရှိခဲ့သော ဇွန်လအတွင်း အမေရိကန်နိုင်ငံ အရေပြားနှင့် ကူးစက်ရောဂါဌာန ညွှန်ကြားရေးမှူး အန်တိုနီဖော့စီ(Anthony Fauci) က အကယ်၍ အမေရိကန်နိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့မှုအား တားဆီးရန် ကြိုးပမ်းလုပ်ဆောင်ခြင်းမရှိပါက မကြာခင် လပိုင်းအတွင်း တစ်ရက်ကူးစက်မှုအသစ် တစ်သိန်း ရောက်ရှိလာလိမ့်မည်ဖြစ်ကြောင်း ကြိုတင် သတိပေးပြောကြားခဲ့ဖူးသည်။
နိုဝင်ဘာ ၅ ရက်အထိ ပြီးခဲ့သော ၇ ရက်တာအတွင်း နေ့စဉ်ပျမ်းမျှ ကူးစက်မှု ၉၃,၀၀၀ ကျော်ဖြင့် စံချိန်တင်တစ်ရပ်ရောက်ရှိခဲ့ကြောင်း CDC အချက်အလက်များတွင် ဖော်ပြထားသည်။

လက်ရှိအချိန်ထိ အမေရိကန်နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ် နှင့် ကောလိပ်များတွင် COVID-19 ရောဂါကူးစက်ခံရမှုအရေအတွက်သည် ၂၅,၂၀၀၀ ကျော်အထိ ရောက်ရှိနေပြီးဖြစ်ကြောင်း နယူးယောက်တိုင်းမ်စ်သတင်စာက ရေးသားခဲ့သည်။ COVID-19 ရောဂါကူးစက်မှုအရေအတွက် ၁,၀၀၀ ကျော်ရှိသော တက္ကသိုလ်ပရဝုဏ်ပေါင်း ၅၀ ကျော် နှင့် အနည်းဆုံး ရောဂါကူးစက်မှု ၁၀၀ ဦးရှိသော ကောလိပ်ပေါင်း ၄၀၀ ခန့်ရှိခဲ့ကြောင်း သိရသည်။

စာသင်နှစ်အတွက် ကျောင်းသားများ ကျောင်းသို့ပြန်လည်ရောက်ရှိပြီးနောက်တွင် ယခုကဲ့သို့ ကူးစက်မှုအသစ်တစ်ဖန် ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။
အသက်အရွယ်ကြီးရင့်သူများနှင့်နှိုင်းယှဉ်ပါက လူငယ်များတွင် အပြင်းအထန်ရောဂါဝေဒနာခံစားရမှု နှင့် သေဆုံးမှု အရေအတွက် လျော့နည်းသည်ကို တွေ့ရှိရသော်လည်း ယင်းလူငယ်များသည် လူမှုအသိုက်အဝန်းတွင် ဗိုင်းရပ်စ်ပိုးဖြန့်သူအဖြစ် အမြင်ဆုံးအန္တရာယ်ရှိနေသလို ၎င်းတို့ကိုယ်တိုင် အပြင်းအထန်ဖျားနာမှုလည်း ဖြစ်ပေါ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက စိုးရိမ်နေကြသည်။

နိုင်ငံအတွင်း COVID-19 ရောဂါကူးစက်မှုမြင့်တက်နေခြင်းကြောင့် ဆေးရုံတက်ရောက်ကုသမှုခံယူနေရသူ အရေအတွက်လည်း မြင့်တက်လျက်ရှိရာ ကျွမ်းကျင်သူများက သေဆုံးမှုနှုန်းမြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားကြသည်။

အမေရိကန်နိုင်ငံတွင် လက်ရှိ ဆေးရုံတက်ရောက်ကုသမှုခံယူနေသည့်လူနာအရေအတွက် ၅၃,၀၀၀ ရှိကြောင်း COVID-19 ရောဂါ ရှာဖွေဖော်ထုတ်ရေးအစီအစဉ်အရ သိရသည်။ နိုဝင်ဘာလကုန်ပိုင်းအထိ အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါဖြင့်သေဆုံးသူပေါင်း ၂၅၀,၀၀၀ မှ ၂၆၆,၀၀၀ ထိ ရောက်ရှိနိုင်ကြောင်း CDC ၏ ကြိုတင်ခန့်မှန်းချက်အသစ်အရ သိရသည်။

အမေရိကန်နိုင်ငံတွင် နိုဝင်ဘာ ၆ ရက် မွန်းလွဲပိုင်းအထိ COVID-19 အတည်ပြုလူနာပေါင်း ၉,၆၇၈,၀၀၀ နှင့် သေဆုံးသူ ၂၃၅,၅၀၀ ဦးရှိခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်မှု အရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.