North America
ရုရှား-ဗင်နီဇွဲလား ဖက်စပ်ရင်းနှီးမြုပ်နှံမှုဘဏ်တစ်ခုအား ပိတ်ဆို့ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန ကြေညာ
ဝါရှင်တန်၊ မတ် ၁၂ ရက်(ဆင်ဟွာ)
ရုရှား-ဗင်နီဇွဲလား ဖက်စပ်ရင်းနှီးမြုပ်နှံမှုဘဏ်တစ်ခုအား ပိတ်ဆို့ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက မတ် ၁၁ ရက်တွင် ကြေညာခဲ့သည်။ ပိတ်ဆို့သည့်အကြောင်းရင်းမှာ အဆိုပါဘဏ် သည် ဗင်နီဇွဲလား ရေနံကုမ္ပဏီအား သက်ဆိုင်ရာထောက်ပံ့မှုများနှင့် ဝန်ဆောင်မှုများပေးနေခြင်း ကြောင့်ဖြစ်သည် ဟု သိရသည်။
ဖက်စပ်ရင်းနှီးမြုပ်နှံထားသည့် Evrofinance Mosnarဘဏ်သည် ရုရှားနှင့် ဗင်နီဇွဲလား နှစ်နိုင်ငံ နိုင်ငံပိုင်လုပ်ငန်းများ အတူ ပိုင်ဆိုင်ခြင်းဖြစ်ပြီး ရုံးချုပ်မှာ ရုရှားနိုင်ငံ မော်စကိုမြို့တွင် တည်ရှိကြောင်း ၊အဆိုပါ ဘဏ်သည် ဗင်နီဇွဲလား ရေနံကုမ္ပဏီအား ဘဏ္ဍာရေးနှင့် သက်ဆိုင်ရာ ဝန်ဆောင်မှုများ ပေးခြင်းကြောင့် အမေရိကန်တွင် ၎င်း၏ငွေကြေးပိုင်ဆိုင်မှုများကို ပိတ်ဆို့ထားလိုက်ပြီဖြစ်ကြောင်းနှင့် အမေရိကန် နိုင်ငံသားများအနေဖြင့် ယင်းဘဏ်နှင့် အလုပ်ဆက်မလုပ်ကြရန် တားမြစ်ထားကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ မတ် ၁၁ ရက် တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
ယခုပိတ်ဆို့မှုသည် ရုရှားဘဏ်များနှင့် ကမ္ဘာ့ဘဏ္ဍာရေး၏ အဆက်အသွယ်ကိုဖြတ်တောက်ရန် အမေရိကန်က ကြိုးပမ်းခြင်းဖြစ်သည်ဟု ရုရှားအထက်လွှတ်တော် အရာရှိတစ်ဦးက ဆိုသည်။
ဇန်နဝါရီ ၂၃ ရက်က ဗင်နီဇွဲလား လွှတ်တော်ဥက္ကဋ္ဌ၊ အတိုက်အခံပါတီခေါင်းဆောင် ဂျူရန်ဂူအက်ခ်ဒို(Juan Guaido)က မိမိကိုယ်ကို ယာယီသမ္မတဖြစ်ကြောင်း ကြေညာခဲ့ရာ အမေရိကန်က အသိအမှတ်ပြုခဲ့ သည်။ ဇန်နဝါရီ ၂၈ ရက်တွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဗင်နီဇွဲလား ရေနံကုမ္ပဏီများအား ပိတ်ဆို့ကြောင်း ကြေညာခဲ့သည်။ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro)ကို ရာထူးမှ ဖြုတ်ချနိုင်ရန် ပိတ်ဆို့မှုများကို အမေရိကန်က အဆက်မပြတ် တိုးမြင့်လုပ်ဆောင်ခဲ့ရာ ဗင်နီဇွဲလားအစိုးရက အမေရိကန်၏ပိတ်ဆို့မှုများကို အပြစ်တင်ပြောဆိုခဲ့ကြောင်း သိရသည်။ (Xinhua)