Connect with us

North America

မက္ကဆီကိုတွင် နိုက်ကလပ်တစ်ခု တိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး လူ ၁၄ဦးသေဆုံး

မက္ကဆီကိုနိုက်ကလပ် တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသူတစ်ဦးအား သယ်ဆောင်လာစဉ် (ဓါတ်ပုံ-အင်တာနက်)

မက္ကဆီကို စီးတီး၊ မတ် ၁၀ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း ရှိ ဘားတစ်ခုတွင် တိုက်ခိုက်မှုတစ်ခုကြောင့် အနည်းဆုံး လူ ၁၄ဦးသေဆုံးပြီး အခြားလူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်းက မတ် ၉ရက်တွင်ဖော်ပြခဲ့သည်။

မက္ကဆီကိုနိုင်ငံ Guanajuato ပြည်နယ် Salamanca မြို့ အနောက်မြောက်ဘက်ရှိ La Playa နိုက်ကလပ်တစ်ခုကို မတ် ၉ ရက် နံနက်အစောပိုင်း တွင် သေနတ်သမားအုပ်စု တစ်ခုက တိုက်ခိုက်ခဲ့ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။

အခင်းဖြစ်ပွားရာ၌ပင် အနည်းဆုံး လူ ၁၃ ဦးသေဆုံးခဲ့ပြီး လူ ၄ဦးမှ ၇ဦး ကို နီးစပ်ရာ ဆေးရုံသု့ိ အလျင်အမြန်ပို့ဆောင်ပေးခဲ့ကာ ၎င်းတို့အနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးသွားခဲ့ကြောင်း ပြည်တွင်းသတင်း၌ပါရှိသည်။

ပြည်တွင်းမီဒီယာ၏ ဖော်ပြချက်အရ ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာ၌ သေနတ်သမားများ ပစ်ခတ်ခဲ့သည့် ကျည်ဆန်ခွံ အခု ၇၀ ကို တွေ့ရှိခဲ့ပြီး တရားခံများသည် ဗင်ကားတစ်စီးဖြင့် လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

မတ် ၉ ရက် နံနက်ပိုင်းအထိ Guanajuato ပြည်နယ် လုံခြုံရေးဌာနများသည် ယင်းဖြစ်စဉ် နှင့် ပတ်သက်၍ တရားဝင် အချက်အလက်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိခဲ့ကြောင်း သိရသည်။ (Xinhua)