North America
သမ္မတထရမ့်က ဗိုလ်ချုပ်ကြီး Herbert McMaster အား အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် အမည်စာရင်းတင်

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတဒေါ်နယ်ထရမ့်က ဒုတိယဗိုလ်ချုပ်ကြီး Herbert McMaster အား အမျိုးသားလုံခြုံရေးအကြံပေး(သစ်) အဖြစ် ဖေဖော်ဝါရီလ ၂ဝ ရက်က အမည်စာရင်းတင်သွင်းခဲ့ကြောင်း သိရသည်။
“ သူဟာ အင်မတန် ကြီးကျယ်တဲ့ အတွေ့အကြုံ နဲ့အင်မတန်ကြီးကျယ်တဲ့ အရည်အသွေး ရှိသူတစ်ဦးပါ။ စစ်တပ်မှာလည်း အားလုံးရဲ့ လေးစားခြင်း ခံရသူတစ်ဦးပေါ့။ သူ့ကို ပိုင်ဆိုင်ခွင့်ရတဲ့အတွက် ကျနော်တို့သိပ်ကို ဂုဏ်ယူစရာကောင်းပါတယ်” ဟု ဖလော်ရီဒါရှိ Mar-a-Lago စံအိမ်တော်၌ ရှိနေစဉ် ထရမ့်က ပြောကြားခဲ့သည်။
အမေရိကန်ပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်ရန် နှင့် တိုးတက်စေရန် ရည်ရွယ်ပြီး ရာထူးကိုလက်ခံခြင်းဖြစ်ကြောင်း McMaster က ဆိုသည်။
ယခင် အမျိုးသားလုံခြုံရေးအကြံပေး Michael Flynn နုတ်ထွက်ပြီး ရက်အနည်းငယ်အကြာတွင် အကြံပေးအသစ်ကို ခန့်အပ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ Michael Flynn သည် အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး နှင့် ရုရှားနိုင်ငံအပေါ် အမေရိကန်နိုင်ငံမှ ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများနှင့်ပတ်သက်၍ တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့သည်ကို အမေရိကန်ဒုတိယသမ္မတ Mike Pence အား အစီရင်ခံရန် ပျက်ကွက်မှုဖြင့် ရာထူးမှ နုတ်ထွက်ခဲ့ရခြင်းဖြစ်သည်။
အသက် ၅၄ နှစ်အရွယ်ရှိ McMaster သည် အမေရိကန်စစ်တပ်၏ ထိပ်တန်း နည်ဗျူးဟာမှူးများထဲတွင်တစ်ဦးအပါအဝင် ဖြစ်သည်။၎င်းသည် ဗီယက်နမ်စစ်ပွဲတွင် အမေရိကန်တို့အောင်မြင်မှု မရခဲ့သည့်အကြောင်းကို စာအုပ်ရေးသား ထုတ်ဝေခဲ့သူဖြစ်သလို အီရတ်စစ်ပွဲအတွင်း အမေရိကန်စစ်တပ်၏ စစ်ရေးလှုပ်ရှားမှု နည်းဗျူဟာပိုင်းများတွင်လည်း ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။(Xinhua)