Connect with us

North America

ထရမ့်တွင် COVID-19 ရောဂါရှိနေဆဲဖြစ်ပါက လာမည့် စကားစစ်ထိုးပွဲကို ကျင်းပရန် မသင့်ကြောင်း ဘိုင်ဒန်ပြော

စက်တင်ဘာ ၂၉ ရက်က ကျင်းပပြုလုပ်သော အမေရိကန်သမ္မတလောင်း စကားစစ်ထိုးပွဲတွင် ထရမ့် နှင့် ဘိုင်ဒန် တို့အား တီဗီဖန်သားပြင်ထက်၌ တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ)

၂၀၂၀ ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ဂျိုးဘိုင်ဒန်က အကယ်၍ ၎င်း၏ ပြိုင်ဘက် ရီဘတ်ပလီကန်ပါတီသမ္မတလောင်း ဒေါ်နယ်ထရမ့်ထံတွင် COVID-19 ရောဂါရှိနေဆဲ ဆိုပါက လာမည့် စကားစစ်ထိုးပွဲကို ကျင်းပရန် မသင့်ကြောင်း အောက်တိုဘာ ၆ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

“ ဟုတ်တာပေါ့ ၊ တကယ်လို့ သူ့မှာ COVID ရှိနေအုံးမယ်ဆိုရင် ကျွန်တော်စဉ်းစားမိတယ် ကျွန်တော်တို့အနေနဲ့ စကားစစ်ထိုးပွဲကို မလုပ်သင့်ပါဘူး” ဟု ဘိုင်ဒန်က ပန်ဆူဗေးနီးယားပြည်နယ် Gettysburg သို့ မဲဆွယ်စည်းရုံးရေးသွားရောက်စဉ် သတင်းထောက်များအားပြောကြားခဲ့သည်။ ထရမ့် နှင့် ဘိုင်ဒန်တို့သည် လာမည့် အောက်တိုဘာ ၁၅ ရက်တွင် ဖလော်ရီဒါပြည်နယ် မီယာမီ၌ ဒုတိယအကြိမ် စကားစစ်ထိုးပွဲပြုလုပ်ရန် ရက်သတ္တပတ် တစ်ပတ်ကျော်မျှသာ လိုတော့သည်။

“ ထရမ့်ရဲ့ လက်ရှိအနေအထားအားလုံးကို ကျွန်တော်သေချာမသိပါဘူး ၊ သူဘယ်လိုနေလဲဆိုတာ ကျွန်တော်မသိပါဘူး” ဟု ဒုတိယသမ္မတ(ဟောင်း) ဂျိုးဘိုင်ဒန်က ဆိုသည်။ ၎င်းအနေဖြင့် စကားစစ်ထိုးပွဲ ဆက်လုပ်ရန် မျှော်လင့်နေဆဲဖြစ်ကြောင်း ၊ သို့သော် “အစီအစဉ်အတိုင်းဆက်လုပ်ဖြစ်ရန်မျှော်လင့်ကြောင်း” လည်း ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ သမ္မတလောင်းနှစ်ဦးသည် ၎င်းတို့၏ ပထမဆုံး စကားစစ်ထိုးပွဲကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်တွင် အိုးဟိုင်းအိုးပြည်နယ် Cleveland ၌ ပြုလုပ်ခဲ့သည်။ ယင်းစကားစစ်ထိုးပွဲတွင် ၎င်းတို့နှစ်ဦးသည် လက်ဆွဲနှုတ်ဆက်ခဲ့ကြခြင်းမရှိဘဲ စကားပြောစင်တစ်ခုနှင့်တစ်ခုကို ခပ်ခွာခွာခြား၍ နေရာချခဲ့ကြောင်း သိရသည်။ သို့သော် ထရမ့်ရော ဘိုင်ဒန်ပါ မည်သူမျှ နှာခေါင်းစည်း တပ်ဆင်ထားခြင်းမရှိပေ။

အမေရိကန်သမ္မတသည် အောက်တိုဘာ ၁ ရက်က COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ သုံးရက်ကြာ ဆေးရုံတွင် တက်ရောက်ကုသမှုခံယူပြီးနောက် ၎င်းသည် အိမ်ဖြူတော်သို့ပြန်လာကာ ကုသမှု ဆက်လက်ခံယူခဲ့ကြောင်း သိရသည်။
ဘိုင်ဒန်သည် အောက်တိုဘာ ၂ ရက်မှ စတင်ကာ COVID-19 စစ်ဆေးမှု လေးကြိမ်ခံယူခဲ့ပြီး အကြိမ်တိုင်းတွင် Negative ထွက်ခဲ့ကြောင်း ၎င်း၏ မဲဆွယ်စည်းရုံးရေးအစီအစဉ်အရ သိရသည်။
ဒေါ်နယ်ထရမ့်က အောက်တိုဘာ ၆ ရက် နံနက်ပိုင်းတွင် ၎င်း၏ တွစ်တာမှတစ်ဆင့် လာမည့် အပတ်တွင် ပြိုင်ဘက် ဒီမိုကရက်တစ်သမ္မတလောင်းနှင့် စကားစစ်ထိုးပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။

နောက်ထပ် ရေးသားမှုတစ်ခုတွင် ထရမ့်သည် COVID-19 အား တုပ်ကွေးရောဂါတစ်ခုဖြင့် ခိုင်းနှိုင်းခဲ့ပြီး ကြောက်ရွံ့ရန်မလိုကြောင်း ရေးသားခဲ့ရာ ၊ ယင်းမှာ သတင်းအချက်အလက်အမှားကိုဖြန့်ဖြူးခြင်း နှင့် ပြည်သူများ ထိခိုက်ခံစားရစေနိုင်ခြင်းကြောင့် တွစ်တာ၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ရာရောက်သဖြင့် နောက်ပိုင်းတွင် ပြန်လည် ဖြုတ်ချခံခဲ့ရသည်။
ထရမ့်အနေဖြင့် စကားစစ်ထိုးပွဲအတွက် လုံလောက်သောကျန်းမာရေးကောင်းမွန်မှုရှိ မရှိကို ရှင်းရှင်းလင်းလင်း မသိရသလို ၎င်း၏ ဆရာဝန်များက ရောဂါအခြေအနေမှာ “ လုံးဝစိတ်ချရသောအနေအထားမဟုတ်သေးကြောင်း” အစောပိုင်းက သတိပေးထားသည်။

အိမ်ဖြူတော် သမားတော်ကြီး Sean Conley က သမ္မတအနေဖြင့် ရောဂါလက္ခဏာများမရှိတော့ကြောင်း အောက်တိုဘာ ၆ ရက် သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
“ မရှိမဖြစ်လက္ခဏာတွေ နဲ့ ရုပ်ပိုင်းဆိုင်ရာ အနေအထားကတော့ တည်ငြိမ်နေပါတယ် ခန္ဓာကိုယ်တွင်း အောက်ဆီဂျင်ပါဝင်မှုဟာ ၉၅-၉၇ ရာခိုင်နှုန်းရှိနေပါတယ်” ဟု Conley ကရေးသားဖော်ပြခဲ့ပြီး “ အားလုံးခြုံကြည့်မယ်ဆိုရင် သူဟာ ဆက်ပြီး နေကောင်းသွားတော့မှာပါ” ဟုဆိုသည်။တစ်ချိန်တည်းမှာပင် ထရမ့်၏ အနီးအနားတွင် လုပ်ကိုင်နေကြသူများအနက် COVID-19 ကူးစက်ခံရသူ တစ်ဦးပြီးတစ်ဦးထပ်မံ ပေါ်ထွက်လာခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.