Connect with us

North America

COVID-19 ကူးစက်ခံရသူနှင့်ထိတွေ့မိ၍ အမေရိကန်နိုင်ငံ ဗိုလ်ချုပ်ကြီးများ Q ဝင်ရမည်

အမေရိကန်နိုင်ငံ ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဌ (Joint Chiefs of Staff Chairman) ဗိုလ်ချုပ်ကြီး Mark Milley အားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ)

COVID-19 ကူးစက်ခံရသူနှင့်ထိတွေ့မိပြီးနောက် အမေရိကန်နိုင်ငံ ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဌ ဗိုလ်ချုပ်ကြီး Mark Milley အပါအဝင် စစ်ဦးစီးချုပ်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးများသည် သီးသန့် ခွဲခြားနေထိုင်ခြင်း(Q) ဝင်ရတော့မည်ဖြစ်ကြောင်း သိရသည်။

ကမ်းခြေစောင့်တပ်ဖွဲ့ ဒုတိယတပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး Charles Ray သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသဖြင့် နေအိမ်တွင် သီးသန့်ခွဲခြားနေထိုင်သွားရမည်ဖြစ်ကြောင်း အောက်တိုဘာ ၆ ရက် မွန်းလွဲပိုင်းတွင် ကြေညာချက်ထွက်ပေါ်လာခဲ့သည်။

ဗိုလ်ချုပ်ကြီး Ray သည် ပင်တဂွန်စစ်ဌာနချုပ်တွင် ပြီးခဲ့သော ရက်သတ္တပတ်က ပြီးလုပ်သည့် စစ်ဘက်ဆိုင်ရာ အစည်းအဝေးများသို့ အခြားသော အဆင့်မြင့်စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။“အဲဒီအစည်းအဝေးမှာ အတူတကွတက်ရောက်ခဲ့တဲ့ ကူးစက်နိုင်ခြေရှိသူတွေအားလုံးဟာ တစ်ကိုယ်ရေ-သီးသန့်ခွဲပြီး နေထိုင်ကြရမှာပါ။ ဒီနေ့မနက်ပိုင်းမှာတော့ စမ်းသပ်စစ်ဆေးခဲ့ပြီးပါပြီ ” ဟု ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ Jonathan Hoffman ၏ ထုတ်ပြန်ချက်တစ်စောင်တွင်ဖော်ပြထားသည်။

“ ထိတွေ့မှုရှိခဲ့တဲ့ ပင်တဂွန်စစ်ဌာနချုပ်က ဘယ်သူတစ်ဦးတစ်ယောက်မျှ ကူးစက်ခံရတဲ့ လက္ခဏာတွေ မပြပါဘူး။ ဒီအချိန်မှာတော့ ထပ်စစ်ဖို့လည်း မရှိသေးပါဘူး” ဟု ၎င်းကဆိုသည်။
အမေရိကန်နိုင်ငံ ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဌ ဗိုလ်ချုပ်ကြီး Milley ၊ ဒုတိယဥက္ကဌ John Hyten နှင့် အခြားသော ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးများသည် သီးသန့်ခွဲခြားနေထိုင်ခြင်း(Q) ဝင်ရမည်ဟု CBS သတင်းအရ သိရသည်။

ပူးတွဲစစ်ဦးစီးချုပ်များသည် အမေရိကန်နိုင်ငံ၏ ထိပ်တန်းစစ်တပ်အရာရှိကြီးများဖြစ်ကြပြီး အမေရိကန်သမ္မတ နှင့် အခြားသော အရပ်ဘက် ခေါင်းဆောင်များအား စစ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အကြံဉာဏ်ပေးကြရသူများဖြစ်ကြောင်း သိရသည်။

“ အမေရိကန်စစ်တပ်ရဲ့ စစ်ရေးစွမ်းဆောင်မှု နဲ့ စစ်ဆင်ရေးအသင့်အနေအထားအပေါ် တစ်စုံတစ်ရာ အပြောင်းအလဲမရှိပါဘူး” ဟု Hoffman က ဆိုသည်။ “ အဆင့်မြင့်စစ်ဖက်ခေါင်းဆောင်တွေဟာ စစ်ရေးစွမ်းဆောင်မှုကို အပြည့်အဝ လုပ်နိုင်စွမ်းရှိနေဆဲဖြစ်ပြီး သူတို့ရဲ့ တာဝန်တွေကို သီးသန့်နေရာတွေကနေ တစ်ဆင့် ဆက်ပြီး လုပ်ကိုင်ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ဆိုသည်။
“ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန(DoD) ဟာ အမေရိကန်နိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ (CDC) ရဲ့လမ်းညွှန်ချက်တွေနဲ့အညီ ဧပြီလကတည်းက ပြုမူဆောင်ရွက်ခဲ့ပါတယ်။ အပူချိန်တိုင်းဖို့ ၊ တစ်ဦးနဲ့တစ်ဦးခပ်ခွာခွာနေဖို့ ၊ တစ်ဦးနဲ့တစ်ဦးခပ်ခွာခွာနေဖို့မဖြစ်နိုင်တဲ့အခါမှာ နှာခေါင်းစည်း တပ်ဆင်ထားဖို့ နဲ့ အဲဒီစည်းကမ်းချက်တွေအတိုင်း ဆက်လက်ပြုမူဆောင်ရွက်သွားဖို့ စတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဆောင်ရွက်ခဲ့ပါတယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)