Local
နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု နှစ်စဉ် အမေရိကန် ဒေါ်လာ ခြောက်ဘီလျံရရှိရန် မျှော်မှန်း
နေပြည်တော်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) ယခင်ထက် ပိုမိုများပြားလာသည့် မြန်မာနိုင်ငံအနေဖြင့် လာမည့် ၂၀၁၈ ခုနှစ်မှစပြီး နှစ်စဉ် FDI အမေရိကန်ဒေါ်လာ ခြောက်ဘီလျံ ရရှိရန် မျှော်မှန်းထား သည်ဟု စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ နံနက် ပြောကြားခဲ့သည်။
“ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု တိုးမြင့်လာရေး စီမံကိန်း (FDIPP :_Foreign Direct Investment Promotion Plan) အရ ၂၀၁၆ – ၂၀ ကာလရဲ့ Medium Term မှာ FDI US$ 4 Billion ရရှိဖို့၊ စီးပွားရေး ဦးမော့လာဖို့နဲ့ ဆင်းရဲမှု လျှော့ချနိုင်ရေးတို့အတွက် နှစ်စဉ် FDI အမေရိကန် ဒေါ်လာ ခြောက်ဘီလျံရဖို့ ရည်မှန်းထားပါတယ်” ဟု ၎င်းက ပြောခဲ့သည်။
ခြောက်ကြိမ်မြောက် Myanmar Global Investment Forum ဖွင့်ပွဲကျင်းပနေစဉ် (ဆင်ဟွာ)
FDIP စီမံကိန်း၏ ပထမပိုင်းကို ၂၀၂၁ – ၂၀၂၅ တွင် ဆက်လက် ဆောင်ရွက်မည်ဖြစ်ပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ရှစ်ဘီလျံ ရဖို့ ရည်မှန်းထားကြောင်း၊ ထိုစီမံကိန်း ဒုတိယပိုင်း ဖြစ်သည့် ၂၀၂၆ – ၂၀၃၀ ကာလတွင် ပြည်တွင်း ထုတ်လုပ်မှုများ မြင့်မားလာရေးကို အခြေခံထားပြီး အဆိုပါ ကာလ၌ FDI ပမာဏ တစ်နှစ်လျှင် ဒေါ်လာ ၁၁ ဘီလျံ ရဖို့ ရည်မှန်းထားကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် The Euormoney Institutional Investor, Asia တို့ ပူးပေါင်း စီစဉ်သည့် 6th Myanmar Global Investment Forum ဖွင့်ပွဲနေ့၌ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ ဦးကျော်ဝင်း ကိုယ်စား ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အရာရှိကြီးများနှင့် ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ၊ Asia, Euromoney Institutional Investor မှ CEO Mr. Tony Shale နှင့် ဖိုရမ်တွင် ပါဝင်ဆွေးနွေးကြမည့် Speakers များ တက်ရောက်ခဲ့ကြကာ Mr. Tony Shale နှင့် ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းတို့က အဖွင့်စကားများ အသီးသီး ပြောကြား အပြီးတွင် Speaker ငါးဦးနှင့် Moderator တစ်ဦးတို့က စတင်ဆွေးနွေးခဲ့ကြသည်။ ၎င်း ဖိုရမ်ကို စက်တင်ဘာ ၁၃ ရက်အထိ နှစ်ရက်တာ ကျင်းပမည် ဖြစ်ပြီး ပထမနေ့တွင် Speakers ၃၀ ဦး၊ ဒုတိယနေ့တွင် ၁၅ တို့ ဆက်လက် ဆွေးနွေးကြမည်ဟု သိရသည်။
ထို့အပြင် ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်တွင် FDI ပမာဏ အမေရိကန်ဒေါ်လာ သန်း ၃၅၀၀ (၃ ဒသမ ၅ ဘီလျံ) ရှိပြီး ယခင် ဘဏ္ဍာနှစ်တွင် ရခဲ့သည့် FDI အမေရိကန် ဒေါ်လာ သန်းလေးရာနဲ့ ယှဉ်ပါက သိသိ သာသာ တိုးတက်လာပါကြောင်း၊ ယခုကဲ့သို့ တိုးတက်မှုသည် မြန်မာ့ စီးပွားရေး လုပ်ငန်းများ တည်ငြိမ်မှု ရအောင် စွမ်းဆောင်ပေးနိုင်လိမ့်မည် ဆိုသည်မှာ သံသယမရှိပါကြောင်း၊ မြန်မာနိုင်ငံ၌ စွမ်းအင် ထုတ်လုပ်ဖြန့်ဖြူးရေး၊ လမ်းပန်းဆက် သွယ်ရေး၊ အထူးစီးပွားရေးဇုန်များ၊ စက်မှုဇုန်များ စသည့် အခြေခံ အဆောက်အအုံများ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရင်းနှီးမြှုပ်နှံဖို့ များစွာ လိုအပ်နေကြောင်း မိုက်ခရိုစီးပွား အဆောက်အအုံတွေ ဖွ ံ့ဖြိုးလာဖို့ အတွက် စီးပွားရေး ပုံစံတွေ ပြောင်းလဲဖို့၊ အခြေခံ အဆောက်အအုံတွေ တည်ဆောက်ရေးအတွက် FDI များ ပိုပြီး ဝင်လာအောင် ဆွဲ ဆောင်ရမှာ ဖြစ်ကြောင်း၊ အခြေခံ အဆောက်အအုံများ၊ ဆောက်လုပ်ရေး စီမံကိန်းများ၊ အလုပ်ရုံ၊ စက်ရုံ၊ စက်မှုဇုန်များ တည်ဆောက်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ထုတ်နိုင်ဖို့အတွက် ပိုမိုများပြားသည့် FDI များကို ဖိတ်ခေါ်ပါကြောင်းလည်း ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။ (Xinhua)