Africa & Middle East
ကက်ရှ်မီးယားဒေသတွင် အိန္ဒိယစစ်တပ်က ပါကစ္စတန်ဘက်ကို ပစ်ခတ်မှုကြောင့် လူ ၅ ဦး ဒဏ်ရာရရှိသည်ဟု ပါကစ္စတန်စစ်တပ်က ပြော
အစ္စလာမ်မာဘတ်၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)
ဧပြီလ ၁၁ ရက်တွင် ကက်ရှ်မီးယားဒေသ အိန္ဒိယ-ပါကစ္စတန်နှစ်ဖက်ခွဲခြားထားသည် နယ်စပ်မျဉ်းအနီး၌ အိန္ဒိယစစ်တပ်က ပါကစ္စတန်ဘက်သို့ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အနည်းဆုံး ဒေသခံအရပ်သား ၅ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ပါကစ္စတန်စစ်တပ်က ထိုနေ့တွင် ပြောကြားခဲ့သည်။
ယခုရက်သတ္တပတ်အတွင်း အိန္ဒိယ၏ပစ်ခတ်တိုက်ခိုက်မှုမှာ ဒုတိယအကြိမ်ဖြစ်ကြောင်း ၊ ဤတစ်ကြိမ် ပစ်ခတ် တိုက်ခိုက်မှုတွင် အမျိုးသမီး ၃ ဦး အပါအဝင် အနည်းဆုံး လူ ၅ ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း ၊ ပါကစ္စတန် စစ်တပ် ဘက်မှလည်း တန်ပြန်တိုက်ခိုက်မှုများပြုလုပ်သွားမည် ဖြစ်ကြောင်း ပါကစ္စတန် စစ်ဘက် ပြန်ကြားရေး ဦးစီးဌာန မှ ကြေညာချက်တွင် ရေးသားထားသည်။
ပထမအကြိမ်ပစ်ခတ်တိုက်ခိုက်မှုတွင် ဒေသခံ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
၁၉၄၇ ခုနှစ်မှစ၍ အိန္ဒိယ၊ပါကစ္စတန် နှစ်နိုင်ငံခွဲခြားအုပ်ချုပ်ပြီးနောက် ကက်ရှ်မီးယားဒေသကို ရယူရန်အတွက် စစ်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ကက်ရှ်မီးယား နယ်စပ်မျဉ်းတစ်လျှောက် အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ကို နှစ်နိုင်ငံသဘောတူချုပ်ဆိုခဲ့ကြသည်။ ယခုနှစ်ပိုင်းများတွင် ယေဘုယျအားဖြင့် ကက်ရှ်မီးယားဒေသအခြေအနေမှာ တည်ငြိမ်သည်ဟုဆိုနိုင်သော်လည်း နှစ်ဦးနှစ်ဖက်အကြား အပစ်ခတ် ရပ်စဲရေးသဘောတူစာချုပ်ကို ချိုးဖောက်သည်ဟု အပြန်အလှန်အပြစ်တင်ပြောဆိုကာ မကြာခဏဆိုသလို ပဋိပက္ခများ ဖြစ်ပွားလေ့ရှိသည်။ (Xinhua)