Connect with us

Asia

တရုတ်-ဂျပန်-တောင်ကိုရီးယား သုံးနိုင်ငံ ထိပ်သီး အစည်းအဝေးပွဲ ဆိုးလ်၌ စတင် ကျင်းပ ဆိုးလ်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်၊ ဂျပန် နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တောင်ကိုရီးယား နိုင်ငံ သမ္မတ ပတ်ဂွမ်ဟေးတို့ အား ခြောက်ကြိမ်မြောက် တရုတ်-ဂျပန်-တောင်ကိုရီးယား သုံးနိုင်ငံ ထိပ်သီး ဆွေးနွေးပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ- Blue House Korea)

ဆိုးလ်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

ခြောက်ကြိမ်မြောက် တရုတ်-ဂျပန်-တောင်ကိုရီးယား သုံးနိုင်ငံ ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးပွဲအား နိုဝင်ဘာလ ၁ ရက်နေ့တွင် ဆိုးလ်၌ ကျင်းပခဲ့ပြီး သုံးနှစ်ခွဲကြာ ရပ်တန့် နေသော သုံးနိုင်ငံ ပူးပေါင်း ဆောင်ရွက်ခြင်း ယန္တရားကို ပြန်လည် စတင် နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ညီလာခံသို့ တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်၊ ဂျပန် နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တောင်ကိုရီးယား နိုင်ငံ သမ္မတ ပတ်ဂွမ်ဟေးတို့ တက်ရောက်ခဲ့ကြပြီး သုံးနိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု၊ ဒေသတွင်း အကျိုးစီးပွားနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ညီလာခံတွင် တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်မှ တရုတ် နိုင်ငံ အစိုးရသည် ဂျပန် နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ တို့နှင့် သုံးနိုင်ငံ ပူးပေါင်း ဆောင်ရွက်၍ အခက်အခဲ အနှောင့်အယှက်များ မှ လွတ်မြောက်ရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။

ခြောက်ကြိမ်မြောက် တရုတ်-ဂျပန်-တောင်ကိုရီးယား သုံးနိုင်ငံ ခေါင်းဆောင်များ ထိပ်သီး ဆွေးနွေးပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

၎င်းမှ သုံးနိုင်ငံ လုံးသည် အချင်းချင်း ဆက်ဆံရေးကို အဖက်ဖက်မှ ထိန်းသိမ်းပြီး ပူးပေါင်း ဆောင်ရွက်မှု များကို တိုးမြှင့် လုပ်ဆောင်သွားရန် နှင့် သုံးနိုင်ငံ ထိပ်သီး အစည်းအဝေးပွဲအား စနစ်တကျ ပုံမှန် ရှေ့ဆက် လုပ်ဆောင်သွားရန် တိုက်တွန်းခဲ့သည်။

သုံးနှစ်ခွဲကြာ ကာလအတွင်း ပထမဆုံး ကျင်းပခြင်းဖြစ်သည့် သုံးနာရီခွဲကြာ တရုတ်-ဂျပန်-တောင်ကိုရီးယား သုံးနိုင်ငံ ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး ပြီးဆုံးပြီးနောက် တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ဂျပန် နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ၊ တောင်ကိုရီးယား နိုင်ငံ သမ္မတ ပတ်ဂွန်ဟေးတို့နှင့် တွဲဖက်၍ သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ်မှ သုံးဖက်စလုံးသည် ၎င်းတို့၏ အမြင်များကို ပွင့်လင်းစွာ ဖလှယ် နိုင်ခဲ့ကြောင်း၊ အထွေထွေ သဘောတူညီချက်များ အထိရောက်ရှိခဲ့ကြောင်း၊ သမိုင်းကြောင်းများကို ရင်ဆိုင်ပြီး သုံးနိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများ ကို တိုးမြှင့်ရန် သဘောတူခဲ့ကြောင်း၊ အနာဂါတ် မျှော်လင့်ချက် များစွာ ရရှိခဲ့ကြောင်း၊ သမိုင်းကြောင်းနှင့် အခြား ထိလွယ် ရှလွယ်သော ကိစ္စရပ်များကို ကောင်းမွန်စွာ ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယား နိုင်ငံ သမ္မတ ပတ်ဂွမ်ဟေး မှ သုံးနိုင်ငံသည် သုံးနိုင်ငံ ထိပ်သီး အစည်းအဝေးပွဲများ ပုံမှန် ကျင်းပရန် သဘောတူညီမှုများအား ပူးတွဲ ကြေညာ နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးမှလည်း နောက်နှစ်တွင် ကျင်းပမည့် သုံးနိုင်ငံ ထိပ်သီးအစည်းအဝေး အား ဂျပန်နိုင်ငံမှ အိမ်ရှင် အနေဖြင့် လက်ခံ ကျင်းပမည်ဖြစ်ပြီး ယခု ကျင်းပခဲ့သည့် အစည်းအဝေးမှ ရလဒ်များ ကို နောင် ကျင်းပမည့် အစည်းအဝေးတွင် အဖွင့်အကြောင်းအရာအဖြစ် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)