Politics, Law & Military
OIC, EU, UNHCR တို့၏ ဆုံးဖြတ်ချက်အား ထိထိရောက်ရောက် တုံ့ပြန်ရေး လွှတ်တော်၌ ဆွေးနွေးမည်
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ)
ဇီးကုန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်ခိုင်ဖြိုး ပါတီဝင် ဦးဉာဏ်ထွန်း (ယခင် အငြိမ်းစား ဒုတိယ သမ္မတ) က တင်သွင်းသည့် “OIC, EU, UNHCR တို့၏ ဆုံးဖြတ်ချက်အား မြန်မာ နိုင်ငံတော်နှင့် နိုင်ငံသား အားလုံး စည်းလုံး ညီညွတ်စွာ ထိထိရောက်ရောက် တုံ့ပြန်ရေး” ဆိုင်ရာ အဆိုကို ပြည်ထောင်စု လွှတ်တော်က လက်ခံ ဆွေးနွေးသွားရန် ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက သဘောတူခဲ့သည်။
အဆို အပြည့်အစုံမှာ “OIC, EU, UNHCR တို့က မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အခြေအနေ ဆုံးဖြတ်ချက်အား ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ယခုလ မကုန်မီ အတည်ပြုနိုင်ရန် စဉ်ဆက် မပြတ် လုပ်ဆောင်နေမှုများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဉ်အား အကျပ်အတည်းအတွင်း တွန်းပို့ပြီး နိုင်ငံတော် ပြိုကွဲ ပျက်စီးရေး ထောင်ချောက်ဆင် ထားသည့် နိုင်ငံ ရေး Agenda ကို ဖော်ဆောင်နေခြင်းဖြစ်၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံသား အားလုံး ပါတီစွဲ၊ အယူဝါဒစွဲ၊ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အစွဲ ကင်းကင်းဖြင့် စည်းလုံး ညီညွတ်စွာ ထိထိရောက် ရောက် တုံ့ပြန်သွားရေး စီမံ ဆောင်ရွက်သွားပါရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း” ဖြစ်ပြီး ယနေ့ အစည်းအဝေး၌ ထိုအဆို တင်သွင်းရခြင်း အကြောင်းရင်းများကို အဆိုရှင် ဦးဉာဏ်ထွန်းက အချက်အလက်များစွာ ကိုးကား တင်သွင်း အပြီးတွင် ယင်းအဆိုအား ဇေယျာသီရိမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ ပြည်ခိုင်ဖြိုး ပါတီဝင် ဦးလှဌေးဝင်း ထောက်ခံ ဆွေးနွေးခဲ့ပြီးနောက် အဆိုကို လက်ခံ ဆွေးနွေး ရန် ပြည်ထောင်စု လွှတ်တော်က ကန့်ကွက်သူ မရှိ သဘောတူခဲ့ခြင်း ဖြစ်သည်။
ထိုအဆိုနှင့် ပတ်သက်ပြီး ပါဝင် ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ဖေဖော် ဝါရီ ၂၅ ရက် (လာမည့် တနင်္လာနေ့) နောက်ဆုံးထားပြီး ပြည်ထောင်စု လွှတ်တော်ရုံးသို့အမည် စာရင်း တင်သွင်းကြရန် လွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောကြားခဲ့သည်။(Xinhua)