Politics, Law & Military
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲများပေးနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)
၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲများ ပေးနိုင်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ကြိုတင်ဆန္ဒမဲလက်မှတ်များအား မြို့နယ်စည်ပင်သာယာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲအသီးသီးသို့ ၁၈-၃-၂၀၁၉ ရက်နေ့မှစတင်၍ ပေးပို့ထားပြီးဖြစ်ကြောင်း၊ မဲဆန္ဒရှင်များသည် ၃၁-၃-၂၀၁၉ ရက်နေ့တွင် မိမိသက်ဆိုင်ရာ မဲဆန္ဒနယ်တွင် မရှိပါက မိမိတို့သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲများနှင့် ဆက်သွယ်၍ ကြိုတင်ဆန္ဒမဲများ ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ
ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် ကော်မရှင်အဖွဲ့ဝင်များ အနေဖြင့်
ကြိုတင်ဆန္ဒမဲပေးလိုပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ စည်ပင်သာယာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲများနှင့် ဆက်သွယ်ပြီး ၂၈-၃-၂၀၁၉ ရက်နေ့မှစတင်၍ ကြိုတင်ဆန္ဒမဲ ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့် ရပ်ကွက် /ကျေးရွာ ကော်မရှင်အဖွဲ့ဝင်များ၊
ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် သက်ဆိုင်ရာမဲဆန္ဒနယ်တွင်မရှိဘဲ ခရီးဝေးထွက်ခွာမည့် ပုဂ္ဂိုလ်များ (အထောက်အထား ခိုင်လုံစွာတင်ပြနိုင်ရမည်)၊ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများ၊ နည်းဥပဒေ (၄၁)နှင့် အကျုံးဝင်သူမဲဆန္ဒရှင်များဟူ၍ ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲကော်မရှင် ၏ ကြေညာချက်တွင်ပါရှိသည်။ (Xinhua)