Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ၌ အာဆီယံနိုင်ငံများမှ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေး

ပြည်ထောင်စုဝန်ကြီးနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးစဉ်(လူကယ်ပြန်)

ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ၌ အာဆီယံနိုင်ငံများမှ ပူးပေါင်းဆောင်ရွက်မှုများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgenerတို့ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ ရုံးနှင့် ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော နေရပ်စွန့်ခွာသူများအတွက် မြန်မာနိုင်ငံအစိုးရမှ ဆောင်ရွက်နေမှုများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပါဝင်သည့် “Fact sheet” ရေးသားပြုစုနေမှု နောက်ဆုံးအခြေအနေများ၊ အဆိုပါ “Fact sheet” အား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိနေသော နေရပ်စွန့်ခွာသူများထံသို့ ဖြန့်ဖြူးပေးနိုင်ရေး နှင့် ပတ်သက်၍ ဆောင်ရွက်မည့် အခြေအနေများ၊ ဧပြီလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစည်းအဝေးကျင်းပရန် စီစဉ်နေသည့် အခြေအနေများ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် အာဆီယံနိုင်ငံများမှ ပူးပေါင်းဆောင်ရွက်နေမှုများအားဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ASEAN Emergency Response and Assessment Team (ERAT) မှ ပထမအကြိမ် ကွင်းဆင်းလေ့လာမှုအား မကြာသေးမီက အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုများ၊ ရခိုင်ပြည်နယ်အတွင်း လတ်တလော တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နေမှုများနှင့် ကမာ့္ဘစားနပ်ရိက္ခာအဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ICRC ၊ IFRC တို့ဖြင့် ပူးပေါင်း၍ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပိုမိုထိရောက်စွာ ပေးအပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener အား မတ်လ ၂၅ ရက်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနတို့တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။(Xinhua)