Connect with us

Politics, Law & Military

ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ် သိသာ ထင်ရှားစွာ ပြောင်းလဲခဲ့သော၂၀၁၅

၂၀၁၅ ခုနှစ် အတွင်း မြန်မာ့ နိုင်ငံရေး သမိုင်းမှတ်တိုင်များ (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး စသည့် နယ်ပယ်များ၌ အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ရာ နိုင်ငံရေး နယ်ပယ်တွင် မြန်မာနိုင်ငံ အတွက် ထင်ရှားစွာ အပြောင်းအလဲ ဖြစ်ပေါ်စေခဲ့သည့် ၂၀၁၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့သည်။

ပြည်တွင်း အရေး ကိစ္စများစွာ၌ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်သည် မြန်မာနိုင်ငံရေး သမိုင်းတွင် ထင်ရှားသော အပြောင်းအလဲ တစ်ခု ဖြစ်လာခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲ

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသည် ပြည်သူများ ဆန္ဒကို အမှန်တကယ် ထင်ဟပ်စေသော ရလဒ် ထွက်ပေါ်လာပြီး မြန်မာနိုင်ငံရေး ဖြစ်စဉ်၌ ယခုနှစ် ရွေးကောက်ပွဲသည် ထင်ရှားပြီး ပြည်တွင်း ပြည်ပ ဆက်လက် စောင့်ကြည့် စိတ်ဝင်စားနေသော ဖြစ်စဉ် တစ်ရပ် ဖြစ်ခဲ့သည်။
ပါတီစုံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ၏ ဒုတိယ အကြိမ်မြောက် ပါတီစုံ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့ပြီး ရွေးကောက်ပွဲ၌ လွှတ်တော် သုံးရပ်၊ နေရာ ၁,၁၅၀ အတွက် နိုင်ငံရေးပါတီ ၉၁ ခု ကိုယ်စားလှယ်လောင်း ၆,၀၇၄ ဦး ယှဉ်ပြိုင်ခဲ့ကြရာ ပြည်သူ့လွှတ်တော် ၃၂၃ နေရာအတွက် ၁,၇၄၅ ဦး၊ အမျိုးသား လွှတ်တော် ၁၆၈ နေရာအတွက် ၈၈၆ ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ် နှင့် တိုင်းရင်းသား လူမျိုးစုနေရာ ၆၅၉ နေရာ အတွက် ၃,၄၄၃ ဦး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ပြည်သူ့ လွှတ်တော်တွင် ၂၅၅ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၁၃၅ နေရာနှင့် တိုင်းဒေသကြီး ပြည်နယ် လွှတ်တော်တွင် ၄၇၅ နေရာ၊ တိုင်းရင်းသား လူမျိုး ကိုယ်စားလှယ် ၂၁ နေရာရရှိကာ အနိုင် ရရှိခဲ့သည်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး အစိုးရ ဖွဲ့နိုင်ခဲ့သော ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) သည် ပြည်သူ့ လွှတ်တော်တွင် နေရာ ၃၀၊ အမျိုးသား လွှတ်တော်တွင် ၁၁ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်တွင် ၇၄ နေရာ၊ တိုင်းရင်းသား လူမျိုး ကိုယ်စားလှယ် နှစ်နေရာသာ အနိုင်ရခဲ့သည်။
အာဏာ လွှဲပြောင်းရေး

ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ပါတီ အနိုင်ရရှိခဲ့ပြီး အာဏာ လွှဲရေး ကာလနှင့် အာဏာ လွှဲပြောင်းပြီး ကာလ တည်တည်ငြိမ်ငြိမ် ဖြစ်ပေါ်စေရန် အနိုင်ရ ပါတီနှင့် အတူ ပြည်သူများ စိုးရိမ်မှုရှိနေသည်။
ပြည်သူများ စိုးရိမ်နေသည့် အသွင် ကူးပြောင်းရေး ကာလတွင် တည်တည်ငြိမ်ငြိမ် ဆောင်ရွက်ပေးမည်
ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ကတိပြုပြောကြားသည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကြောင့် ပေါ်ပေါက်လာမည့် အစိုးရသစ်ကို စနစ်တကျ တာဝန် လွှဲပြောင်းပေးမည် ဖြစ်ပြီး လက်ရှိ အစိုးရအနေဖြင့် ကျန်ရှိနေသော အစိုးရ သက်တမ်းအတွင်း တည်ဆဲ ဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ ပြဌာန်းချက်များ အတိုင်းအသွင် ကူးပြောင်းရေးကို ချောချော မွေ့မွေ့ ဖြစ်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောခဲ့သည်။

လက်ရှိ လွှတ်တော် သက်တမ်းသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီ လ ၃၁ ရက် သက်တမ်း ကုန်ဆုံးကာ လွှတ်တော် အသစ်ကို ဖေဖော်ဝါရီလဆန်းတွင် စတင်နိုင်မည် ဖြစ်ပြီး လွှတ်တော်သစ် စတင် ကျင်းပချိန်မှာ လွှတ်တော်များ ဖွဲ့စည်းခြင်းနှင့် သမ္မတ၊ ဒုတိယ သမ္မတများ ဆက်လက် ရွေးချယ် တင်မြှောက်ခြင်းများကို ဖေဖော်ဝါရီလ နောက်ဆုံး အပတ်အပြီး ဆောင်ရွက်မည် ဖြစ်သည်။
အစိုးရဟောင်းသည် ရွေးကောက်ပွဲ အနိုင်ရလာမည့် အစိုးရသစ်ကို ၂၀၁၆ မတ် ၃၁ ရက်၌ အပြီးသတ် တာဝန် လွှဲပြောင်းပေးမည် ဖြစ်သည်။
ရွေးကောက်ပွဲ၌ အနိုင်ရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ရလဒ်များ ထွက်ပေါ်လာချိန်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ထောင်စု လွှတ်တော် နာယက သူရ ရွှေမန်းတို့ကို သီးသန့် တွေ့ဆုံခွင့် တောင်းကာ တာဝန် လွဲပြောင်းရေး အတွက် ဆွေးနွေးခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း ဒီဇင်ဘာလ ၅ ရက်နေ့တွင် တွေ့ဆုံကာ ဆွေးနွေးခဲ့သေးသည်။
၂၀၁၆ ခုနှစ်သည် မြန်မာနိုင်ငံရေး အပြောင်းအလဲကို ပြည်တွင်းပြည်ပက စိတ်ဝင်စား စောင့်ကြည့်ရမည့်နှစ် ဖြစ်ပြီး အစိုးရသစ် ငါးနှစ်တာ ကိုင်တွယ်ရမည့် အရေးကိစ္စ များစွာသည် အကဲဆက်သော အရေးများဖြစ်သည်။
အစိုးရသစ် ဆက်လက် ဖော်ဆောင်ရမည့် ငြိမ်းချမ်းရေးဖြစ်စဉ်

မြန်မာနိုင်ငံတွင် နှစ်ပေါင်းရှည်ကြာစွာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ် ရပ်စဲရေးအတွက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ က စတင်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့က ကိုယ်စားလှယ်များ ပါဝင်သော တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆွေးနွေးခဲ့ရာ ၂၀၁၅ ခုနှစ် မတ်လတွင် တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး စာချုပ်မူကြမ်း အတည်ပြုနိုင်ခဲ့ပြီး သြဂုတ် ၇ ရက်နေ့တွင် အတည်ပြုနိုင်ခဲ့သည်။
တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး စာချုပ် (NCA) ကို တိုင်းရင်းသား လက်နက်ကိုင် ၂၁ ဖွဲ့ လက်မှတ် ရေးထိုးနိုင်ရေး ဆွေးနွေး ခဲ့သော်လည်း အစိုးရဘက်မှ လက်ခံသော တိုင်းရင်းသား လက်နက်ကိုင် ၁၄ ဖွဲ့ဖြင့် လက်မှတ် ရေးထိုးရန် ဖြစ်လာခဲ့သည်။

တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ဖြစ်သော ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) တို့နှင့် အောက်တိုဘာ ၁၅ ရက်နေ့တွင် နိုင်ငံတော် သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် စသည့်တို့ရှေ့မှောက်တွင် လက်မှတ်ရေး ထိုးခဲ့သည်။

တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး စာချုပ်သည် ငြိမ်းချမ်းရေး အတွက် အခြေခံ အုတ်မြစ် ချထားခဲ့သဖြင့်
နောင် ပေါ်ပေါက်လာမည့် အစိုးရသစ်သည် အကောင်းဆုံး လုပ်ဆောင်နိုင်ရန် ယုံကြည်ကြောင်း နိုင်ငံတော် သမ္မတက ဆိုထားသည်။

ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်ပြီး NCA လက်မှတ် မထိုးရသေးသော အဖွဲ့များ ပါဝင်လာရေး ညှိနှိုင်းမှုများ ပြုလုပ်လာနိုင်ရန်၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် ကျင်းပမည့် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် အရေးကြီးသည့် နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ပြုလုပ်ရန်၊ မေလတွင် ကျင်းပရမည့် ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်လာရန်သည် အစိုးရသစ် ဆက်လက် ဖော်ဆောင်ရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များဖြစ်သည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို NCA လက်မှတ် မထိုးသည့် အဖွဲ့ ၁၃ ဖွဲ့အနက် ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရက္ခိုင့် တပ်ဖွဲ့ (AA) တို့ကလွဲပြီး ကျန်အဖွဲ့များကို အထူး ဖိတ်ကြားသူအဖြစ် ဖိတ်ကြားသွားရန် အစိုးရ လက်မှတ် ထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များက ဆုံးဖြတ် ဆောင်ရွက်ထားသည်။
အစိုးရ အသစ်အနေဖြင့် တိုင်းရင်းသားအဖွဲ့ အားလုံး အပစ်ရပ်စဲရေး ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက် အကောင်အထည် ဖော်ရမည်ဖြစ်သည်။

ကိုးကန့်ဒေသနှင့် စစ်အုပ်ချုပ်ရေးအမိန့်

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ် ဒေသဖြစ်သည့် ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှ စတင်ပြီး မေလအထိ သုံးလနီးပါး အစိုးရ တပ်မတော်နှင့် ကိုးကန့် လက်နက်ကိုင် အဖွဲ့တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲကြောင့် အစိုးရ တပ်မတော်မှ အရာရှိ အပါအဝင် စစ်သည် ၁၀၀ ခန့်ကျဆုံးခဲ့ပြီး ကိုးကန့် လက်နက်ကိုင် ဘက်မှလည်း ကျဆုံးမှု အများအပြား ရှိခဲ့သည်။ ထို ဒေသကို ဖေဖော်ဝါရီ ၁၇ ရက်နေ့မှ စတင်ပြီး စစ်အုပ်ချုပ်ရေး ရက်ပေါင်း ၂၇၀ ထိ ထုတ်ပြန်ပြီး အုပ်ချုပ်ခဲ့ရာ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဒေသ တည်ငြိမ် အေးချမ်းမှု ရရှိလာသဖြင့် စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းခဲ့သည်။
USDP ပါတီ ခေါင်းဆောင် အပြောင်းအလဲ
၂၀၁၅ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ ည၌ လက်ရှိ အာဏာရ ပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကြီး ခေါင်းဆောင်ပိုင်း အပြောင်းအလဲသည် ယခုနှစ် နိုင်ငံရေး ဖြစ်စဉ်တွင် ထင်ရှားခဲ့သည်။ အဆိုပါ ညတွင် ပါတီကြီး၏ ပူးတွဲ ဥက္ကဌ နေရာတွင် တာဝန်ယူနေသော သူရ ဦးရွှေမန်း၊ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်းတို့ကို နေရာ၌ အပြောင်းအလဲ ပြုလုပ်ရန် အစည်းအဝေး တစ်ခု ဖြစ်ပေါ်ခဲ့သည်။ ယခင် ပူးတွဲ ဥက္ကဌ သူရ ဦးရွှေမန်းသည် ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ နေရာတွင် တာဝန် ထမ်းဆောင် နေရသဖြင့် မအားလပ်မှုများ ရှိလာကာ ပါတီ အောင်နိုင်ရေး အတွက် ကော်မတီတွင် ဥက္ကဌ နေရာကို ဒုတိယ ဥက္ကဌ ဦးဌေးဦးက ပူးတွဲ တာဝန်ယူရန် ဗဟို အလုပ် အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ပထမဆုံး အကြိမ် အဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ဇွန်လ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့ထိ လေးရက်ကြာ သွားရောက်ခဲ့ပြီး တရုတ် သမ္မတ ရှီကျင့်ဖိန်၊ ဝန်ကြီးချုပ် လီခဲ့ချန် အပါအဝင် တရုတ် ကွန်မြူနစ်ပါတီ ထိပ်တန်း ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ အဆိုပါ တွေ့ဆုံမှုသည် နှစ်နိုင်ငံ အနာဂတ်အတွက် အလားအလာကောင်းများ ရရှိခဲ့သည့် ခရီးတစ်ခု ဖြစ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.