Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလ၌  သတ်မှတ်ချက်နှင့် ကိုက်ညီသော စက်ရုံ/အလုပ်ရုံ ၅၀ကျော် ပြန်လည် ဖွင့်လှစ်ခွင့်ရရှိ

ကလေးမြို့အတွင်းရှိ ရွှေတောင်စက်ရုံသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စံသတ်မှတ်ချက်များ၊ ညွှန်ကြား ချက်များအပေါ် လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ စစ်ဆေးစဉ်(စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့)

ရန်ကုန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း  COVID-19ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် စက်ရုံ၊ အလုပ်ရုံများအားယာယီပိတ်သိမ်းခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ၊အလုပ်ရုံများအား  ဧပြီ ၂၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့ရာ လက်ရှိ သတ်မှတ်ချက်နှင့် ကိုက်ညီသော စက်ရုံ  ၅၃ ရုံ ပြန်လည်ဖွင့်လှစ်ခွင့်ရနေပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးမိုးကျော်သူက ဆင်ဟွာသို့ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်ရုံ/အလုပ်ရုံ ၂၈၆ ရုံရှိရာ လက်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ၊အလုပ်ရုံ ၅၀ကျော် ပြန်လည်ဖွင့်လှစ်ခွင့်ရရှိခဲ့ပြီး ကျန်ရှိနေသော စက်ရုံများကိုလည်း ဆက်လက်စစ်ဆေးနေကြောင်း ၎င်းကဆိုသည်။

” COVID-19ရောဂါကာကွယ်ရေးနဲ့ ပတ်သတ်ပြီး စက်ရုံအလုပ်ရုံတွေကို လိုက်စစ်ဆေးတဲ့ သတ်ဆိုင်ရာမြို့နယ်တွေမှာ ဖွဲ့စည်းထားတဲ့အဖွဲ့တွေရှိတယ်၊ စက်ရုံတွေက ဖွင့်ချင်တယ်ဆို ဒီအဖွဲ့ကို ဆက်သွယ်တယ်၊ အဲအဖွဲ့က သွားစစ်ဆေးတယ်၊ သတ်မှတ်ချက်နဲ့ ကိုက်ညီရင် ဖွင့်ခွင့်ရတယ်၊ မကိုက်ညီရင် ကိုက်ညီအောင် ဆောင်ရွက်ခိုင်းခဲ့တယ်” ဟု ဝန်ကြီး ဦးမိုးကျော်သူက ပြောသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းမြို့တွင် စက်ရုံ/အလုပ်ရုံ ၂၈ ခု၊ ရွှေဘိုမြို့တွင် စက်ရုံ/အလုပ်ရုံ ၁၁ခု၊ ဆားလင်းကြီးမြို့နယ်တွင် စက်ရုံ/အလုပ်ရုံ၃ခု၊ မုံရွာမြို့တွင် စက်ရုံ/အလုပ်ရုံ ၆ခုနှင့် ကလေးမြို့တွင် စက်ရုံ/အလုပ်ရုံ ၅ခုတို့ ဖွင့်လှစ်ခွင့်ရရှိထားကြောင်း သိရသည်။

အဆိုပါ စက်ရုံအလုပ်ရုံများကို သွားရောက်စစ်ဆေးရာတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သတ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အလုံးစုံ ကိုက်ညီလျှင် ချက်ချင်းဖွင့်ခွင့်ပေးပြီး စက်ရုံအတွင်း အလုပ်သမားများ maskမတပ်ဆင်ခြင်း၊ ၆ပေအကွာမနေခြင်းများရှိပါက ပြန်လည်ပြင်ဆင်ဆောင်ရွက်ခိုင်းပြီး ဖွင့်လှစ်ခွင့်ပေးခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် လုံးဝကိုက်ညီမှုမရှိလျှင် ဖွင့်လှစ်ခွင့်မပေးခြင်းများဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊အလုပ်ရုံများ အား အလုပ်ရုံနှင့်အလုပ်သမားဉပဒေစစ်ဆေးရေးဦးစီးဌာနနှင့် စစ်ဆေး ရေးအဖွဲ့များ မှ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်ကိုက်ညီ၍ ပြန်လည်ဖွင့်လှစ်သင့်ကြောင်း တင်ပြလာသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအား ပြန်လည်ဖွင့်လှစ်ခွင့်ပြုရာ ဧပြီ ၂၈ ရက်နေ့ထိ (၅၃)ခုရှိပြီး အဆိုပါ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအား ပြန်လည်ဖွင့်လှစ်ခွင့် အသိ အမှတ်ပြု လက်မှတ်များ အသီးသီးထုတ်ထားပေးကြောင်း သိရသည်။(Xinhua)