Connect with us

Politics, Law & Military

WHOအဖွဲ့ပိုင် မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီးစုံစမ်းစစ်ဆေးရေး ကော်မတီ ဖွဲ့စည်း

WHOအဖွဲ့ပိုင် မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်းနှင့် စပ်လျဉ်းသည့် စုံစမ်းစစ်ဆေးရေး ကော်မတီ ဖွဲ့စည်းသော ကြေညာချက်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization-WHO)ပိုင် ယာဉ်အား ဧပြီလ ၂၀ ရက် ညနေပိုင်းတွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင် ဇက်ဆိပ်အနီး၌ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ခြင်းနှင့် ပတ်သတ်ပြီး စုံစမ်းစစ်ဆေးရေး ကော်မတီ ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

“ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပိုင် မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်းနှင့်စပ်လျဉ်းသည့် စုံစမ်း စစ်ဆေးရေး ကော်မတီ” ဥက္ကဋ္ဌအဖြစ် ဦးစော (နိုင်ငံသားများ၏မူလအခွင့်အရေးဆိုင်ရာကော်မတီ၊ ပြည်သူ့လွှတ်တော်)အပါအဝင် ဒေါက်တာစုစုသာထွန်း (ကမ္ဘာ့ကုလသမဂ္ဂ အကြီးတန်းအကြံပေးပုဂ္ဂိုလ်(အငြိမ်းစား)) ဒေါက်တာအောင်သူရိန် (ညွှန်ကြားရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)၊  ဗိုလ်မှူးကြီးထိန်လင်း(အတွင်းရေးမှူး နိုင်ငံတော်သမ္မတရုံး တွဲဘက်တာဝန်)တို့ဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

WHOအဖွဲ့ပိုင် မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်းနှင့် စပ်လျဉ်းသည့် စုံစမ်းစစ်ဆေးရေး ကော်မတီ ဖွဲ့စည်းသော ကြေညာချက်အားတွေ့ရစဉ်  (ဆင်ဟွာ)

အဆိုပါ ကော်မတီ၏၏ လုပ်ငန်းတာဝန်များသည်  (က) ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာ၏ နောက်ခံအခြေအနေ၊ ဖြစ်ပွားခဲ့ရခြင်းအကြောင်းရင်း၊ဖြစ်စဉ်အသေးစိတ် စသည်တို့ သိရှိနိုင်ရန် ဖြစ်စဉ်နေရာသို့ သွားရောက်၍ မြေပြင် ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခြင်း၊ (ခ)ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပိုင် ယာဉ်အမှတ် UN (5/34) ပစ်ခတ် တိုက်ခိုက်ခံခဲ့ရခြင်း အတွက် မျက်မြင်သက်သေများ၊ အထောက်အထားများ ရှာဖွေစုံစမ်း၍ ထွက်ဆိုချက်

များ ရယူခြင်း၊ (ဂ) ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်နှင့်စပ်လျဉ်းသည့် သက်မဲ့သက်သေ၊ သက်ရှိသက်သေများမှ အထောက်အထားများ၊ အချက်အလက်များ ရယူခြင်း၊ (ဃ)စုံစမ်းစစ်ဆေးမှု မှန်ကန် ပြည့်စုံစေရေးအတွက် ရင်ခွဲစစ်ဆေးချက်များ၊ မှုခင်း ကျွမ်းကျင်သူများ၊ စစ်လက်နက်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အခြားကျွမ်းကျင်သူ များ၏ ထင်မြင်ယူဆချက် သဘောထားများကို ရယူခြင်း၊ (င) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပိုင် ယာဉ်အမှတ် UN (5/34) ပစ်ခတ် တိုက်ခိုက်ခံခဲ့ရခြင်း နှင့် အရပ်သား ပြည်သူများ ထိခိုက်ဆုံးရှုံးမှု မရှိစေရေးအတွက် အကြံပြုချက်များနှင့် (စ) စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် နိုင်ငံတကာစံနှုန်းနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်းတို့ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်း စုံစမ်းစစ်ဆေးရေးကော်မတီ၏ တာဝန်ထမ်းဆောင်စဉ် လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ် ချက်များကို နိုင်ငံတော်သမ္မတရုံးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့က စီမံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း သိရသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization-WHO) ဝန်ထမ်း ဦးပြည့်စုံဝင်းမောင်နှင့် အရပ်သားဝန်ထမ်း ကျန်းမာရေးကြီးကြပ် (၂) ဦးအောင်မျိုးဦးတို့သည် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် များမှ COVID-19 ရောဂါ စောင့်ကြည့်ခံထားရသူများ၏ နှာခေါင်း၊ အာခေါင် တို့ဖတ်နမူနာများကို ရန်ကုန်မြို့ရှိ အမျိုးသားဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပိုင် ယာဉ်အမှတ် UN (5/34) ဖြင့် သယ်ယူလာစဉ် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရပြီး ယင်းတိုက်ခိုက်မှုကြောင့်  WHO ဝန်ထမ်း ဦးပြည့်စုံဝင်းမောင်၏ ဘယ်ဘက် တင်ပါး၊ ယာဘက် တံတောင်ဆစ်နှင့် ဦးအောင်မျိုးဦး၏ ယာဘက်လက်တို့တွင် လက်နက်ငယ် ထိမှန်ဒဏ်ရာအသီးသီး ရရှိခဲ့ကာ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.