Connect with us

Politics, Law & Military

၂၁ရာစုပင်လုံညီလာခံသည် သမိုင်း၌ ဂုဏ်ယူစရာ၊ အားတက်စရာ ဖြစ်စဉ်ကြီးတစ်ခု ဖြစ်နိုင်ရန်ဝိုင်းဝန်း ကြိုးစားကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစု ပင်လုံ နောက်ဆုံးနေ့၌ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပိတ်မိန့်ခွန်းပြောကြားစဉ်

နေပြည်တော်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

၂၁ရာစု ပင်လုံညီလာခံသည် ၁၉၄၇ခုနှစ်တွင် ကျင်းပခဲ့သော ၂၀ရာစုပင်လုံကဲ့သို့ နိုင်ငံ၏ သမိုင်းတွင် ဝံ့ကြွားစရာ၊ ဂုဏ်ယူစရာ၊ အားတက်စရာ အခမ်းအနားကြီးတစ်ခု၊ အခင်းအကျင်းကြီးတစ်ခု၊ ဖြစ်စဉ်ကြီးတစ်ခု ဖြစ်နိုင်ရန်အတွက် ဝိုင်းဝန်းကြိုးစားကြရန် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ တိုက်တွန်း ပြောကြားလိုက်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ကျင်းပသော ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစု ပင်လုံ နောက်ဆုံးနေ့၌ ပြောကြားသော အပိတ်မိန့်ခွန်းတွင် အထက်ပါအတိုင်း ထည့်သွင်းပြော ကြားခဲ့သည်။
“ကျွန်မတို့ဟာ လိုအပ်တဲ့အချိန်မှာ ပံ့ပိုးပေးမယ်၊ လိုအပ်တဲ့အချိန်မှာ ပြည်သူလူထုဆန္ဒတွေ အောင်မြင်ဖို့ အနောက်ကနေဆိုလဲနေပါ့မယ်၊ အရှေ့ကခံဆိုလဲအရှေ့ကခံပေးမယ်၊ ဒါဟာအစိုးရကောင်းများ တာဝန်ဖြစ်ပါတယ်၊ ကျွန်မတို့ဟာ အစိုးရကောင်းတစ်ခုဖြစ်ဖို့ ကြိုးစားနေပါတယ်၊ ပြည်သူလူထုလိုချင်တဲ့ငြိမ်းချမ်းရေးရနိုင်ဖို့ အရှေ့ကဦးဆောင်ပြီး ခံပါဆိုလဲ အရှေ့ကနေဦးဆောင်ပြီး ခံပါမယ်၊အနောက်ကနေခံပြီး ကာပါဆိုလဲ အနောက်ကနေ ခံပြီးတော့ ကာပါမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
လက်ရှိကျင်းပသော ၂၁ရာစုပင်လုံညီလာခံသည် ငြိမ်းချမ်းရေးဖြစ်စဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပြည်သူလူထုသည် ငြိမ်းချမ်းရေးဖြစ်စဉ်၌ မဖြစ်မနေပါဝင်ရမည့် ပုဂ္ဂိုလ်များဖြစ်သည်ကို နားလည်စေချင်ကြောင်း၊ ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးရရန် ဘယ်လိုအခက်အခဲများကို ကျော်လွှားရတယ်ဆိုတာကိုလည်း နားလည်စေချင်ကြောင်း ၎င်းကပြောသည်။
“အစုအဖွဲ့တွေ ဆွေးနွေးသွားတာကိုကြည့်ခြင်းဖြင့် ဘယ်သူတွေဟာ အတိတ်ကိုလှည့်ကြည့်တာကိုအားသန်လဲ ဘယ်သူတွေဟာ အနာဂတ်ကိုမျက်နှာမူတဲ့နေရာမှာအားသန်လဲ ဆိုတာ ပေါ်လာပါလိမ့်မယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ပြဿနာများကို ဖြေရှင်းနိုင်သော အရည်အချင်းများကို မွေးထုတ်ပြီး အတူလက်တွဲကာ တစ်ဦးကိုတစ်ဦး ကူညီခြင်း၊ ဖေးမခြင်းနှင့် တစ်ဦးအမြင်ကို တစ်ဦးက လေးစား၊နားထောင်၍ သဘောချင်း မတိုက်ဆိုင်မှုများကို ဘာ့ကြောင့် မတိုက်ဆိုင်သည့် သဘောများ ရှိနေလဲဆိုတာကို စဉ်းစားမည်ဖြစ်ကြောင်း၊ ညီညီညွတ်ညွတ်နှင့် ဆက်ပြီး လိုချင်သော ငြိမ်းချမ်းရေးပန်းတိုင်ကို အရောက်သွားမည်ဖြစ်ကြောင်း ၎င်းက အပိတ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
“ပြောသွားတဲ့အထဲမှာ ပွင့်ပွင့်လင်းလင်း ဝေဖန်တာတို့ တိုက်ခိုက်တာတို့လည်း ပါသွားပါတယ် ကိုယ်စားလှယ်တွေထဲမှာ။ ကျွန်မတော့ ဒီလိုဖြစ်တာဟာ ဘာမှကြောက်စရာမရှိဘူးလို့ ဒီလိုပဲယုံကြည်ပါတယ်။ စိုးရိမ်စရာမရှိပါဘူး။ ပြဿနာကို စိုးရိမ်စရာမရှိပါဘူး။ ပြဿနာကို မရှိချင်ယောင် ဆောင်နေရတာကသာ စိုးရိမ်စရာဖြစ်ပါတယ်။ ပြဿနာမရှိချင်ယောင် ဆောင်နေလို့ရှိရင်တော့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ယနေ့ ကျင်းပသော ၂၁ရာစုပင်လုံညီလာခံသည် လက်ရှိအစိုးရအတွက်မဟုတ်ဘဲ နောင်မျိုးဆက်သစ် များအတွက် ဖြစ်ကြောင်း ၎င်းကပြောသည်။
၂၁ရာစုပင်လုံညီလာခံကို သြဂုတ် ၃၁ရက်နေ့မှ စက်တင်ဘာ ၃ရက်နေ့ထိ ကျင်းပခဲ့ပြီး စက်တင်ဘာ ၁ရက်နေ့တွင် ကိုယ်စားလှယ် ၃၃ဦး၊ စက်တင်ဘာ ၂ရက်နေ့တွင် ကိုယ်စားလှယ် ၃၃ဦးနှင့် စက်တင်ဘာ ၃ ရက်နေ့တွင် ကိုယ်စားလှယ် ၁၀ဦး တို့မှ သဘောထားအမြင်များကို တင်ပြဆွေးနွေးခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.