Connect with us

Politics, Law & Military

၂၁ ရာစု ပင်လုံညီလာခံ ပထမ အစည်းအဝေးမှ ရလဒ်ကောင်းများနှင့် စိန်ခေါ်မှုများ ပေါ်ထွက်

၂၁ ရာစုပင်လုံညီလာခံ နောက်ဆုံးနေ့ အစည်းအဝေးအပြီး ရှင်းလင်းပွဲမြင်ကွင်း (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

၂၀၁၆ ခုနှစ် သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်နေ့အထိ ကျင်းပခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ပထမ အစည်းအဝေးမှ ကြီးမားသော ဘုံသဘောတူညီချက်များ အပါအဝင် ရလဒ်ကောင်းများ ပေါ်ထွက်ခဲ့ပြီး ကြိုတင် ပြင်ဆင်ထားရမည့် စိန်ခေါ်မှုများလည်း ပေါ်ထွက်ခဲ့သည် ဟု ညီလာခံ ကျင်းပရေး လုပ်ငန်း ကော်မတီဝင်များက ညီလာခံ အပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

[ရလဒ်ကောင်းများ]
“ဒီညီလာခံကနေ ဘယ်လို ရလဒ်တွေ ရသလဲ ဆိုတော့ ပထမအချက်အနေနဲ့ ဘယ်အဖွဲ့အစည်းက ဘယ်လို ရပ်တည် သလဲဆိုတာ ပြည်သူတွေရော နိုင်ငံတကာကပါ အားလုံးက သိသွားတယ်။ ဘယ်လောက်ကွဲလွဲမှု ရှိနေသလဲ၊ ဘယ်လောက်တူညီမှု ရှိနေသလဲကအစ အသေးစိတ်တွေကိုပါ သိသွားတယ်။ နောက်ပြီး ဒီမိုကရေစီ ဖက်ဒရယ် စနစ်ကို တည်ဆောက်မယ် ဆိုတဲ့ ဘုံသဘောတူညီချက်ကို ရတယ်။ နောက်တစ်ခုက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လမ်းကြောင်းအတိုင်း ညှိနှိုင်း ဆွေးနွေးမှုတွေကို အောင်မြင်အောင် သွားရမယ်ဆိုတဲ့ ဘုံသဘောတူညီ ချက်တွေ ရခဲ့တယ်။ နောက် အချက်က ငြိမ်းချမ်းရေးကို အချိန်မဆွဲဘဲ မြန်မြန် ပြီးပြတ်အောင် လုပ်မယ် ဆိုတဲ့ အချက်။ နောက်တစ်ချက်က ညီလာခံမှာ တင်ပြလာတဲ့ သဘောထားတွေကို ဘယ်လို အကောင်းဆုံး ညှိနှိုင်းသွားမလဲဆိုတဲ့ အချက်ပါ” ဟု ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပရေး လုပ်ငန်း ကော်မတီဝင် ဦးဇော်ဌေးက ပြောသည်။
ညီလာခံတွင် တင်ပြခဲ့သည့် သဘောထား များတွင် တူညီမှုများရော ကွဲလွဲမှုများပါ ရှိကြပြီး တချို့ အဖွဲ့အစည်းများ၏ တင်ပြချက်မှာ ဈေးသည်က ဆိုဈေးကို အမြင့်ဆုံး တင်လိုက်သည်နှင့် တူကြောင်း၊ သို့ရာတွင် ၎င်းတို့အမှန် ရောင်းနိုင်သည့် ဈေးက အမြင့်ဆုံးဈေး မဟုတ်ဘဲ ဈေးဆစ်သည့်အခါ အလျှော့အတင်း လုပ်၍ ရသည့် တင်ပြချက်မျိုး ဖြစ်ကြောင်းလည်း ဦးဇော်ဌေးက သုံးသပ် ပြောကြားခဲ့သည်။
[စိန်ခေါ်မှုများ]
ညီလာခံ အပြီးတွင် ပေါ်လွင် ထင်ရှားလာသည့် စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး ကော်မတီဝင် ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်းက “ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အဓိက စိန်ခေါ်မှု ပုံစံနဲ့ရင်ဆိုင်ရမယ့် အချက်တွေမှာ ပထမဆုံး ဖြေရှင်းရမှာက NCA လက်မှတ်ထိုးပြီးတဲ့ အဖွဲ့နဲ့မထိုးရသေးတဲ့ အဖွဲ့ပါ။ လက်မှတ် မထိုးသေးတဲ့အဖွဲ့တွေ ပါဝင်လာဖို့ဆောင်ရွက်ရပါမယ်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲမှာ သူတို့မပါဝင်နိုင်ရင် အဲဒီဒေသကို ကိုယ်စားပြုတဲ့ ခိုင်မာတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု မရနိုင်ပါဘူး။ သူတို့ပါလာဖို့က အရေးကြီးတဲ့ စိန်ခေါ်မှုပါ။
နောက် စိန်ခေါ်မှုက ပြည်ထောင်စု ဖွဲ့စည်းပုံကို ဘယ်လို ပုံစံနဲ့ဖွဲ့စည်းမလဲ ဆိုတာပါ။ ဒီလို နိုင်ငံရေး အပြောင်းအလဲကာလမှာ လူမျိုးရေးနဲ့ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချလိုက်လို့ရှိရင် အင်မတန်မှ အန္တရာယ်ကြီးပါတယ်။ ဒါကို မထိန်းတတ် မသိမ်းတတ်ရင် လူမျိုးရေး ပြဿနာတွေ ဖြစ်လာမှာကို စိုးရိမ်မိတယ်” ဟု မီဒီယာကို ရှင်းပြသည်။
ကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးခင်ဇော်ဦးကလည်း “ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံကို ဘယ်လိုပုံစံနဲ့တည်ဆောက်မလဲ ဆိုတဲ့ အပိုင်းတွေကို ညှိနှိုင်းရပါမယ်။ တချို့ကိစ္စတွေမှာ အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု ပွတ်တိုက်မှုတွေ ရှိလာနိုင်တယ်။ ဥပမာ – တချို့က ဒေသကို အခြေခံပြီး ပြည်နယ်ခွဲဖို့၊ တချို့ကျတော့ လူမျိုးကို အခြေခံပြီး ပြည်နယ် ခွဲဖို့တင်သွင်းတာတွေ ရှိတယ်။ လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တိုင်းဒေသကြီးနဲ့ပြည်နယ်ဆိုပြီး အခေါ်အဝေါ် ကွဲနေတာတွေ ရှိတယ်။ ဒီလို အခေါ်အဝေါ် ကွဲခြင်းကပဲ စိတ်ဝမ်းကွဲမှု ဖြစ်စေနိုင်လို့ တစ်ပုံစံတည်း ဖြစ်အောင် သွားချင်တဲ့ အစုအဖွဲ့မျိုးလည်း ရှိတယ်။ နောက်တစ်ခါ အာဏာ ခွဲဝေမှု ကိစ္စမျိုးတွေ ရှိတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့တင်ပြသူတွေ ရှိသလို သီးခြား အသစ် ရေးဆွဲဖို့တင်သူတွေလည်း ရှိတယ်။ ဒါတွေက သတိထားပြီး ညှိနှိုင်းသွားရမယ့် အချက်တွေပါ” ဟု ဝေဖန် ထောက်ပြခဲ့သည်။
[စိန်ခေါ်မှုများဖြေရှင်းရန်အကြံပြုချက်များ]
ထိုစိန်ခေါ်မှုများကို မည်သို့ဖြေရှင်းသင့်ကြောင်းနှင့် ပတ်သက်ပြီး ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်းက “ဒါတွေက ကြိုတင် ဆန်းစစ်ထားရမယ့် ရေရှည်မှာ ရင်ဆိုင်ရမယ့် ပြဿနာ တွေပါ။ နောက်ပြီး ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးတို့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့အနာဂတ် ကိစ္စတွေ ကိုတော့ သိပ်ပြီး ဦးစား မပေးသေးဘဲနဲ့ တခြား နိုင်ငံရေး ပြဿနာတွေကို အရင် ဦးစားပေးပြီး လွယ်တဲ့ ပုစ္ဆာလေး တွေကို အရင် ဖြေရှင်းရင်း တဖြည်းဖြည်း ယုံကြည်မှု တည်ဆောက်ရင်းက တစ်ဆင့်ပြီး တစ်ဆင့် တက်သွားရပါမယ်။ အရမ်းကို ထိလွယ် ရှလွယ် sensitive ဖြစ်နေတဲ့ ပြဿနာတွေကို နောက်ဆုံး အဆင့်ကျမှ ဖြေရှင်းသင့်ပါတယ်” ဟု ပြောသည်။
ထို့အတူ ကော်မတီဝင် တစ်ဦးဖြစ်သည့် ဦးစိုင်းကျော်ညွန့်ကလည်း “ ငြိမ်းချမ်းမှု မရခြင်းဟာ အခြေခံ ဥပဒေ ပြဿနာသာ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် စတင်ပြီး မြန်မာနိုင်ငံ ဖြစ်ပေါ်ခဲ့တဲ့ ပင်လုံစာချုပ်ရဲ့ ကတိကဝတ်တွေ ရှိတယ်။ တိုင်းရင်းသားတွေက ဒီအပေါ်မှာပဲ အခြေခံပြီး ရပ်တည် တင်ပြကြတယ်။ တပ်မတော်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို ကိုင်စွဲထားချင်တယ်။ ဒါဟာ အစွန်းနှစ်ခုမှာ ရပ်နေကြသလိုပါပဲ။ နှစ်ခုစလုံးရဲ့ အလယ်ကို ရွှေ့ပြီး ညှိနှိုင်းနိုင်မှသာ အောင်မြင်နိုင် မယ်လို့ယူဆပါတယ်” ဟု သုံးသပ် ပြောကြားခဲ့သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ဥက္ကဋ္ဌ ဖြစ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း “အတိတ်ကို ပြန်လှည့်ကြည့်ဖို့ အားသန်နေ သူတွေဟာ တစ်ချိန်မှာ အနာဂတ်ကို မျှော်ကြည့်တဲ့ ဘက်ကို လှည့်သွားမယ်လို့မျှော်လင့်ပါတယ်” ဟု သူမ၏ ကျေးဇူးတင်စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
၂၁ ရာစု ပင်လုံ ပင်လုံ ညီလာခံသို့ တက်ရောက်လာသည့် ကချင် ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ UPDJC အဖွဲ့ဝင် ဒေါက်တာ တူးဂျာက “ရေရှည် ငြိမ်းချမ်းရေး ရရှိဖို့အတွက် အတိတ်က သင်ခန်းစာတွေကို ရယူပြီး အနာဂတ်အတွက် လက်တွေ့ကျသည့် ညှိနှိုင်းမှုမျိုးကသာ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်” ဟု ညီလာခံ အပြီးတွင် ဆင်ဟွာကို ပြောခဲ့သည်။
၂၁ ရာစု ပင်လုံ ညီလာခံ၏ ဒုတိယ အကြိမ် အစည်းအဝေးကို ခြောက်လ အကြာတွင် ကျင်းပသွားမည် ဖြစ်ပြီး ယခု ပထမအကြိမ် အစည်းအဝေးတွင် တင်သွင်းခဲ့သည့် အဖွဲ့ပေါင်း ၇၂ ဖွဲ့တို့၏ သဘောထား စာတမ်းများကို ပြန်ကြားရေး ဝန်ကြီးဌာနက ရိုက်နှိပ် ဖြန့်ချိမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.