Connect with us

Politics, Law & Military

မတူခြားနားသော တင်ပြချက်များသည် ညီလာခံ၏ အားသာချက် ဖြစ်သည်ဟု ဆို

၂၁ ရာစုပင်လုံညီလာခံ တတိယနေ့ဆွေးနွေးပွဲအပြီးတွင်သတင်း စာရှင်းလင်း ပွဲကျင်း ပ နေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

၂၁ ရာစု ပင်လုံညီလာခံ တတိယနေ့ အစည်းအဝေးတွင် အသင်းအဖွဲ့ အသီးသီး၏ တင်ပြ ဆွေးနွေးမှုတို့သည် ညီလာခံအတွက် စိန်ခေါ်မှု တစ်ရပ်လည်းဖြစ်သကဲ့သို့ ညီလာခံ၏ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် အားသာချက်များလည်း ဖြစ်သည်ဟု ၂၁ ရာစု ပင်လုံ ညီလာခံ ဖြစ်မြောက်ရေး လုပ်ငန်း ကော်မတီဝင် ဦးစိုင်းကျော်ညွန်က ယနေ့ညနေ သတင်းစာရှင်းပွဲတွင် ပြောခဲ့သည်။

“အားလုံးသိတဲ့အတိုင်း လူအားလုံးရဲ့ အဖွဲ့အစည်းအတော် များများရဲ့ အသံတွေကို နားထောင်ရတယ် ဆိုတော့ အင်မတန်ကို ကွဲပြားနေတာကို တွေ့ပါလိမ့်မယ်။ အဲဒါက စိန်ခေါ်မှု တစ်ခုလို့ပြောလို့ရတယ် ဆိုပေမယ့် ဒါက အားသာချက်တစ်ခုလည်း ဖြစ်နေပြန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရှေ ့ဆက်ပြီး တည် ဆောက် မယ့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးဟာ ဒီလောက် မတူကွဲပြားမှုတွေကို ကျွန်တော်တို့ ဘယ်လို ဖြေရှင်းမလဲ ဆိုတာက stakeholders တွေ အကုန်လုံးက စဉ်းစားရတော့မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ထိုသို့တိုင်းရင်းသားများ၊ နိုင်ငံရေး ပါတီများနှင့် အစုအဖွဲ့အသီးသီးတို့၏ စိတ်ပါလက်ပါ ပြောဆို တင်ပြမှုများကို ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်ပေးခြင်းသည်လည်း ထူးခြားသည့် အားသာချက် ဖြစ်သည်ဟု ၎င်းက ပြောသည်။“ ဒီ live လွှင့်ထားတဲ့ အတွက် ကြောင့်မို့လည်း ပြောဆိုနေတဲ့ ခေါင်းဆောင်တွေ အဖွဲ့အစည်းတွေက ဘယ်သူက ဘယ်လိုလဲ ဆိုတာကို ပြည်သူတွေက ဆုံးဖြတ်ပါလိမ့်မယ်။ ဒီမှာ ထူးခြားချက် အကြီးဆုံး တစ်ခု ကျွန်တော် မြင်တာက အခုလို live လွှင့်ပေးခြင်းဟာ နှစ်ပေါင်း ငါးဆယ်- ခြောက်ဆယ် အတွင်းမှာ မရှိခဲ့တဲ့ တကယ့် ပွင့်လင်းမြင်သာမှု တိုးတက်မှုကြီးလို့မြင်ပါတယ်” ဟု ဦးစိုင်းကျော်ညွန့်က ပြောခဲ့သည်။

အသင်းအဖွဲ့ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၏ တင်ပြချက်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်မှ ကိုယ်စားလှယ် ဦးကိုနီက “ ဒီနေ့တင်ပြချက်တွေကို ခြုံငုံကြည့်ရင် ဖက်ဒရယ်နိုင်ငံ ထူထောင်ဖို့အားလုံးက သဘောတူကြပေမယ့် ထူထောင်ရာမှာ လူမျိုးကို အခြေခံပြီး ထူထောင် ချင်တဲ့ အစုအဖွဲ့တွေ ရှိတယ်။ ပထဝီအပိုင်းအခြားကို အခြေခံပြီးထူထောင်ချင်တဲ့ အစုအဖွဲ့ တွေ လည်း တွေ့ရတယ်။ တချို့ကျတော့ မြန်မာနိုင်ငံရဲ့ အနေအထားအရ အရော စနစ်ကို လုပ်ချင်တဲ့ အယူအဆတွေ လည်း တွေ့ရတယ်။ တကယ့် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို သွားချင်တယ် ဆိုတဲ့ အချက်ကို လက်ခံတဲ့အတွက် အဲဒီစနစ်ကို ကိုယ်စားပြုတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ရပ် ပေါ်လာဖို့အလားအလာကို မြင်နေရတယ်။ ဆွေးနွေးစရာတွေတော့ အများကြီး ရှိလာလိမ့်မယ် ဟု ဆင်ဟွာကို ပြောခဲ့သည်။

ထို့အပြင်၎င်းက “ တိုင်းရင်းသား တော်တော်များများက သူတို့ရဲ့ racial identity ကို ဆုပ်ကိုင်ထားချင်တယ်။ ဒီညီလာခံကနေ အခြေခံ နှစ်ချက်တော့ ရသွားမယ်။ တစ်က ငြိမ်းချမ်းရေးကို အားလုံးက လိုချင်တယ်၊ ငြိမ်းချမ်းရေးအတွက် ရှေ့ကိုပဲ ဆက်သွားလိမ့်မယ်။ နှစ်က ဖက်ဒရယ်နိုင်ငံ တည်ဆောက်ဖို့ကိစ္စလည်း အားလုံး သဘောတူတဲ့အတွက် ဘယ်လို ဖက်ဒရယ်နိုင်ငံမျိုးက အကောင်းဆုံးလဲ ဆိုတာတွေက ရှေ့ဆက် ဆွေးနွေးရမယ့် အချက်ပါ” ဟု သုံးသပ်ပြောကြားခဲ့သည်။ထိုအဆင့်ကို ကျော်လွန်ပြီဆိုလျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြောင်းလဲရေး အဆင့်သို့ တစ်ဆင့်ပြီး တစ်ဆင့် အစဉ်လိုက် ဆွေးနွေးလာလိမ့်မည်ဟု ၎င်းက ယုံကြည်ထားသည် ဆို၏။ယနေ့တိုင်းရင်းသားများ၏ တင်ပြချက်များတွင် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ရှမ်းနီ လူမျိုးများ နေထိုင်ရာ မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ ခန္တီး၊ တမူး၊ ကလေး၊ မော်လိုက်၊ ကသာ စသည့် ဒေသများကို စုပေါင်း၍ ရှမ်းနီ ပြည်နယ် သတ်မှတ်ပေးရန်လည်း တင်ပြခဲ့သည်။

ထို့အတူ “ဝ” အမျိုးသား စည်းလုံးညီညွတ်ရေးပါတီကလည်း “ဝ” တိုင်းရင်းသားလူမျိုးစုသည် တိုင်းရင်းသား စစ်စစ်လူမျိုးဖြစ်သလို သမိုင်းအစဉ်လာရှိသော လူမျိုးစုဖြစ်ပြီး ပြည်ထောင်စု ဝင်ပြည်နယ်ဖြစ်ရန် လိုအပ်သော အရည်ချင်း (၇) ချက်နှင့် ပြည့်မီသည် အတွက်ကြောင့် လက်ရှိ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (၆) မြို့နယ်အပါအဝင် ကျိုင်းတုံဒေသ (၁၀) မြို့နယ်ကို ပေါင်းခြုံပြီး ပြည်ထောင်စုဝင် “ဝ” ပြည်နယ် အဖြစ် ပြန်လည် အသိအမှတ်ပြုပေးရန်နှင့် ရှေးယခင်“ဝ” ဘုရင်တို့ တည်ဆောက်ခဲ့သော ကျိုင်းတုံမြို့ပြနိုင်ငံ အဆောက်အဦး၊ အထောက်အထားများကို နိုင်ငံတော်မှ သမိုင်းဝင်အမွေအနှစ်ဖြစ် သတ်မှတ်ပေးရန် တောင်းဆိုမှုများလည်း ရှိခဲ့သည်။ ထိုကဲ့သို့တိုင်းရင်းသားများ၏ ရင်ထဲက ဆန္ဒအမှန်များကို ဖော်ထုတ်ခွင့် ရခြင်း၊ live လွှင့်ခြင်းတို့ကြောင့် ပြည်သူများ သိခွင့်ရခြင်း၊ Stakeholders များအတွက် အချက်အလက်မှန်များ ရရှိပြီး ညှိနှိုင်းဖြေရှင်းခွင့် ရစေခြင်း စသည့် အားသာချက်များသည် ယခု ၂၁ ရာစု ပင်လုံညီလာခံ၏ အောင်မြင်မှုပင် ဖြစ်သည်ဟု ကိုယ်စားလှယ်တို့က သုံးသပ်ပြောကြားကြသည်။ မနက်ဖြန် ညီလာခံ စတုတ္ထနေ့ စက်တင်ဘာ ၃ ရက် နေ့လယ်တွင် ၂၁ ရာစု ပင်လုံညီလာခံ၏ ကနဦး ဆွေးနွေးပွဲများ ပြီးဆုံးမည် ဟု ၂၁ ရာစု ပင်လုံ ညီလာခံ ဖြစ်မြောက်ရေး လုပ်ငန်း ကော်မတီဝင် ဦးဇော်ဌေးက ပြောသည်။ (Xinhua)