Social
ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ ပြည်သူ့ဝန်ထမ်းအကယ်ဒမီ ဖွင့်လှစ်
ရန်ကုန်၊ ဇန်နဝါရီ ၃ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ပြည်သူ့ဝန်ထမ်းအကယ်ဒမီနှင့် ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဖွင့်လှစ်ပေးခဲ့သည်။
ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၁)ကို ဇန်နဝါရီ(၂)ရက်နေ့မှ မေ(၄) ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ သင်တန်းသူ၊ သင်တန်းသား(၆၁)ဦး တက်ရောက်မည် ဖြစ်သည်။
ယခင်က ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် စစ်ပညာဘာသာရပ် အပါအဝင် လေ့ကျင့်ရေးကို အခြေပြုသော သင်ကြားမှုပုံစံမှ ယခုအခါတွင် နိုင်ငံ့ဝန်ထမ်းများ၏ ပညာရည်တိုးတက်မြင့်မားမှုကို အခြေပြုသော သင်ကြားမှုပုံစံ များပြောင်းလဲရန် လိုအပ်လာသည့်အတွက် ဗဟိုဝန်ထမ်းတက္ကသိုလ်အသီးသီးတွင် ပြည်သူ့ဝန်ထမ်းအကယ်ဒမီများ ကို ဖွင့်လှစ်တည်ထောင်ခြင်းဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သမားရိုးကျလေ့ကျင့် သင်ကြားမှုအသွင်မှ နိုင်ငံတကာ ပြည်သူ့ဝန်ထမ်းကျောင်းများနည်းတူ အဆင့်မြင့်ပညာရပ်များအား စနစ်တကျ လေ့ကျင့်သင်ကြားပေးနိုင်ရန် ၊ နိုင်ငံ့ဝန်ထမ်းများ၏ ရာထူးအဆင့်အလိုက် အဆင့်မြင့်စီမံခန့်ခွဲမှုပညာရပ်များကို စာတွေ့သာမက လက်တွေ့နယ်ပယ်ကဏ္ဍအလိုက်ပါ အကျိုးရှိစွာ အသုံးချတတ်စေရန်ဖြစ်ပြီး သက်ဆိုင်ရာ ရာထူး အဆင့်အလိုက် အရာထမ်းလောင်းဝန်ထမ်းများအတွက် ဘွဲ့လွန်ဒီပလိုမာသင်တန်း၊ အလယ်အလတ်အဆင့် အရာထမ်းများအတွက် အဆင့်မြင့်ဒီပလိုမာသင်တန်း၊ အဆင့်မြင့်အရာထမ်းများအတွက် မဟာဘွဲ့သင်တန်းများ ဖွင့်လှစ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အဆင့်အလိုက် ဘွဲ့လွန်ဒီပလိုမာ၊ အဆင့်မြင့် ဒီပလိုမာနှင့် မဟာဘွဲ့များကို ပေးအပ်သွားမည် ဖြစ်သည်။
ယနေ့ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဒေါက်တာ ဦးပွားနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးညီညီစံတို့က ပြည်သူ့ဝန်ထမ်းအကယ်ဒမီ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြည်သူ့ဝန်ထမ်းအကယ်ဒမီ ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်သည်။(Xinhua)