Connect with us

Media

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်တွင် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု ယမန်နှစ်ကာလတူထက် ၃၇.၈၃ ရာခိုင်နှုန်း တိုးတက်လာ

ရန်ကုန် ၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂.၇၅ ဘီလီယံကျော်ရရှိခဲ့ပြီး ယမန်နှစ်ကာလတူကထက် ၃၇.၈၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
နယ်စပ်ကုန်သွယ်မှု မြင့်တက်လာရခြင်း၏ အဓိက အကြောင်းအရင်းမှာ COVID-19 အလွန်ကာလတွင် နယ်စပ်ကုန်သွယ်မှု ကန့်သတ်ချက်များ ဖြေလျှော့ခြင်းကြောင့်ဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရသည်။

၂၀၂၃ခုနှစ် ဧပြီ ၁ ရက် မှ ဇွန်၃၀ ရက်အတွင်း မြန်မာနိုင်ငံသည် နယ်စပ်ဂိတ်များမှတဆင့် အမေရိကန်ဒေါ်လာ ၁.၇၈ ဘီလီယံကျော် တန်ဖိုးရှိ ကုန်ပစ္စည်းများ တင်ပို့ခဲ့ပြီး နယ်စပ်ဂိတ်များမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၉၇၀.၉၆ သန်းကျော်တန်ဖိုးရှိ ကုန်ပစ္စည်းများအား တင်သွင်းနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။

“နယ်စပ်ကုန်သွယ်ရေးက COVID-19 ကာလနဲ့စာရင်တော့ တိုးတက်လာပါတယ်။ ဒါပေမယ့် COVID-19 မတိုင်ခင် အခြေအနေကိုတော့ မမီသေးပါဘူး” ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ဆင်ဟွာသို့ ပြောသည်။

ပို့ကုန်လုပ်ငန်းရှင်များ အဆင်ပြေချောမွေ့စေရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယခင်က ၎င်းတို့ပို့ကုန်ဝင်ငွေ၏ ၆၅ ရာခိုင်နှုန်းအား ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းဖြင့် ပြည်တွင်းသုံးငွေအဖြစ်သို့ ပြောင်းလဲရန် လိုအပ်သော်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းများကို ဇူလိုင်လအတွင်း ဖြေလျှော့ပေးခဲ့ပြီး ပို့ကုန်တင်ပို့မှုမှ ရရှိငွေပမာဏ၏ ၅၀ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်၏ရည်ညွှန်းငွေလဲနှုန်းဖြင့် လဲလှယ်ရန်လိုအပ်တော့ကြောင်း သိရသည်။

ဇူလိုင် ၂၈ ရက်က ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းသည် အမေရိကန်တစ်ဒေါ်လာလျှင် ၂,၁၀၀ ကျပ်ဖြစ်ပြီး ပြင်ပငွေကြေးလဲလှယ်သည့်ဈေးကွက်တွင် ၃,၀၀၀ ကျပ်ဝန်းကျင်ဖြစ်ကြောင်း သိရသည်။

ဗဟိုဘဏ်၏ ဆောင်ရွက်ချက်သည် ပို့ကုန်တင်ပို့သည့် ကဏ္ဍတွင် အနည်းငယ် တိုးတက်မှုကို ဖြစ်စေသော်လည်း သိသာထင်ရှားသောအရာတစ်ခု မဟုတ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရသည်။

“ကုန်သွယ်ရေးမှာဆိုရင် ပင်လယ်ရေကြောင်းတင်ပို့မှုနဲ့နှိုင်းယှဉ်ရင် ကုန်လမ်းက တင်ပို့တဲ့အခါ ခရီးလမ်းကြောင်းအရ ပိုမိုမြန်ဆန်မှုတွေရှိတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးက ပိုမိုတိုးတက်လာတာဖြစ်ပါတယ်” ဟု ဦးဝင်းဌေးဖြည့်စွက်ပြောကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက “နယ်စပ်ကုန်သွယ်မှု လွယ်ကူချောမွေ့စေအဆင်ပြေစေရေးအတွက် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ပို့ကုန်လုပ်ငန်းရှင်တွေ၊ တင်သွင်းသတွေ နဲ့ အတူပူးပေါင်းဆောင်ရွက်ပြီးလုပ်ဆောင်လျက်ရှိပါတယ်”ဟု ဆင်ဟွာသို့ ပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် COVID-19 ကာလအလွန်တွင် နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ယင်းတို့အနက် တစ်ခုမှာ နေပြည်တော်၌ ကျင်းပသည့် စတုတ္ထအကြိမ်မြောက် မြန်မာ (လားရှိုး)-တရုတ် (လင်ချန်း) နယ်စပ် ကုန်သွယ်မှု ပြပွဲဖြစ်ကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

ဦးမင်းမင်းက “တရုတ်နိုင်ငံက ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် အဓိက ကုန်သွယ်ဘက်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအတွက် နယ်စပ်ကုန်သွယ်ရေးက ကုန်သွယ်မှုရဲ့ အဓိကအခန်းကဏ္ဍကနေ ပါဝင်ပါတယ်” ဟုပြောသည်။

နယ်စပ်ကုန်သွယ်မှုမှာ ယမန်နှစ်ကာလတူကထက် တိုးလာသော်လည်း နိုင်ငံ၏ပင်လယ်ရေကြောင်းကုန်သွယ်မှုမှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်သုံးလတာကာလအတွင်း ဒေါ်လာ ၅.၇၆ ဘီလီယံကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ်ထက် ၁၀.၁၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးငန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယတို့နှင့် နယ်စပ်ကုန်သွယ်ရေးများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြန်မာနိုင်ငံသည် လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိပြီး အခြား ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများမှ တင်သွင်းလျက်ရှိကြောင်း သိရသည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.