Connect with us

Media

ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အောက် ၂ ပေခန့်ရောက်ရှိနေသောကြောင့် ရေကင်းများချထားစောင့်ကြည့်လျက်ရှိဟုဆို

ရန်ကုန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

ပဲခူးမြစ်ရေသည် ဇူလိုင် ၃၀ ရက်မွန်းလွဲပိုင်းတိုင်းတာချက်အရ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အောက် ၂ ပေခန့် ရောက်ရှိနေသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများကရေကင်းများ ချထားစောင့်ကြည့်လျက်ရှိကြောင်း ပဲခူးမြို့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းရွှေက ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၃၀ ရက်မွန်းလွဲပိုင်းတွင် ပြောသည်။
ဦးသောင်းရွှေက “မြေနိမ့်ပိုင်းနေထိုင်သူတွေကို သတိပေးထားတယ်။ စိုးရိမ်ရေအမှတ် ၁ ပေလောက်ဆိုရင် ရွှေ့ပြောင်းဖို့အတွက် နေရာတွေ ကြိုတင်သတ်မှတ်ပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့ဌာနအနေနဲ့ ရှာဖွေကယ်ဆယ်ဖို့ အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေ နဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားပါတယ်” ဟုပြောသည်။

၂၀၂၃ခုနှစ်၊ ဇူလိုင် ၂၉ ရက်၊ ည၈:၃၀နာရီတွင် ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အောက် ၃ ပေခွဲခန့် တွင် ရောက်ရှိခဲ့သောကြောင့် ပဲခူးမြို့ မြစ်ကမ်းအနီး နေထိုင်သူများ၊ မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၂၉ ရက်၌ ထုတ်ပြန်ခဲ့သည်။

ပဲခူးမြို့ မြေနိမ့်ပိုင်း ရပ်ကွက်များတွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ အသင့်အနေအထား စောင့်ကြည့်လျက်ရှိပြီး လတ်တလောအခြေအနေတွင် ဒေသခံများကို ရွှေ့ပြောင်းခြင်းမလုပ်သေးကြောင်း ဦးသောင်းရွှေကဆိုသည်။

“ပဲခူးမှာနှစ်တိုင်းနီးပါးရေကြီးရတာက အဓိကကတော့ မိုးကြောင့်ပါပဲ။ မိုးများတဲ့အခါမှာ မြစ်ကရေတက်လာပြီး စိုးရိမ်ရေမှတ်ကို ကပ်လာတာတွေရှိပါတယ်။ မနှစ်ကလည်း မြစ်ရေ တက်တဲ့အတွက် အိမ်ထောင်စု ၅၀၊ လူဦးရေ ၂၀၀ လောက်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရပါတယ်”၎င်းက ဖြည့်စွက်ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြစ်ရေ ဌာနမှ တာဝန်ရှိသူတစ်ဦးက
“ပဲခူးမှာ မိုးမရွာပေမယ့် ပဲခူးမြို့အထက်ပိုင်းမှာမိုးရွာရင်လည်းမြစ်ရေကြီးနိုင်တယ်။ ပဲခူးမြစ်ရဲ့ မြစ်လက်တက်တွေရှိတဲ့ဘက်ပေါ့။ ပဲခူးမြစ်ရဲ့အထက်ဘက်က ချောင်းတွေက မိုးရွာရင် အဲဒီက ရေတွေက ပဲခူးမြစ်ထဲကိုဝင်တယ်။ ပဲခူးကနှစ်တိုင်း ရေကြီးတတ်တဲ့ အတွက် ကျွန်တော်တို့ဌာနအနေနဲ့ ရေမကြီးခင် ကြိုတင်သတိပေးချက်တွေ ထုတ်ပြန်ပါတယ်။ ပြည်သူလူထုအနေနဲ့ သတိပေးချက်တွေကို သေချာစောင့်ကြည့်စေချင်ပါတယ်။”ဟု ဆင်ဟွာသို့ပြောသည်။

ပဲခူးမြို့၊ မြေနိမ့်ပိုင်းနေရာများတွင်အရေးပေါ်ကူညီကယ်ဆယ်ရေးလှေများအားအသင့်ပြင်ဆင်ထားရှိကြောင်း သိရသည်။ ဇူလိုင် ၃၁ ရက် နံနက်ပိုင်းအထိ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသ အလိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ထုတ်ပြန်သော ဇူလိုင် ၃၀ ရက် ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.