Connect with us

Media

ပြည်တွင်းဈေးကွက်တွင် စားသုံးဆီဈေးနှုန်းများမြင့်မားလျက်ရှိသောကြောင့် ဆီဈေးနှုန်းတည်ငြိမ်ကျဆင်းစေရန် ဆီတစ်ပိဿာ ၄,၀၀၀ ကျော်ဖြင့်နေ့စဉ်ရောင်းချပေးလျက်ရှိ

ရန်ကုန်၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ)

ပြည်တွင်းဈေးကွက်တွင် စားသုံးဆီဈေးနှုန်းများမြင့်မားလျက်ရှိသောကြောင့် ဆီဈေးနှုန်းတည်ငြိမ်ကျဆင်းစေရန် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် နေ့စဉ် ပျမ်းမျှ ဆီတန်ချိန် ၁,၄၀၀ ခန့် ကို တစ်ပိဿာလျှင် ၄,၀၀၀ ကျော်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်ပမှ တင်သွင်းဖြန့်ဖြူးရောင်းချနေသည့် စားအုန်းဆီလက်လီဈေးနှုန်းများ ကြီးမြင့်နေမှုအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရေးအတွက် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဆီတင်သွင်းသည့် ကုမ္ပဏီများနှင့်ညှိနှိုင်း၍ သက်သာသောဈေးနှုန်းများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက ဆင်ဟွာသို့ ယနေ့ ဩဂုတ် ၃၀ ရက်တွင် အတည်ပြုပြောကြားသည်။

မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ မှ ကျွမ်းကျင်သူ ဦးမျိုးသူက “စားသုံးဆီဈေးနှုန်းက ကျမသွားဘဲနဲ့ ဆက်တိုက်မြင့်တက်လာတဲ့အတွက် ဆီကို ဈေးကွက်ထဲမှာ ပျံ့ပျံ့နှံ့နှံ့ရဖို့အတွက် ဩဂုတ် ၂၅ ရက်ကစပြီး နေ့တိုင်း ဈေးကွက်ထဲမှာ ရှိတဲ့ ဘုရင်နောင်တို့၊ ညောင်ပင်လေးဈေးတို့ နဲ့ မြို့နယ်တွေမှာရှိတဲ့ အရောင်းဆိုင်တွေအားလုံးကို ရည်ညွှန်းလက်ကားဈေးနဲ့ ရောင်းပေးဖို့ဆိုပြီး မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းကနေ စီစဉ်ဆောင်ရွက်ပေးနေပါတယ်။ ရည်ညွှန်းဈေးကို အထွေထွေကုန်ကျစရိတ်နဲ့ အသားတင်အမြတ်ကို ၂ ရာခိုင်နှုန်းပဲယူပြီးရောင်းဖို့နဲ့ ရည်ညွှန်းဈေးပေါ်မှာ အလွန်ဆုံး ၁၀ ရာခိုင်နှုန်းထက် ပိုပြီး မရောင်းဖို့ အသင်းက ဆောင်ရွက်ပေးနေပါတယ်” ဟု ဆင်ဟွာသို့ ဩဂုတ် ၃၀ ရက်တွင်ပြောသည်။

စားသုံးဆီဈေးကွက်တွင် စားအုန်းဆီများမှာ တစ်ချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တစ်ပိဿာလျှင် ကျပ် ၇,၀၀၀ ကျော်အထိ ဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။
ဦးမျိုးသူက “အဓိကကတော့ ဈေးကွက်ထဲကို ဆီကိုရည်ညွှန်းဈေးနဲ့ ရောင်းနိုင်ဖို့ကို ကုမ္ပဏီတွေရော၊ ၂၉ ဦးပါတဲ့ ဆီအသင်းရဲ့ စီမံခန့်ခွဲရေး ကော်မတီဝင်တွေရော စားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့ကိုဖွဲ့စည်းပြီး ရောင်းသူနဲ့ ဝယ်သူကို တိုက်ရိုက်ချိတ်ပေးတဲ့ ပုံစံမျိုးလုပ်ပေးတာပါ။ အဲဒီလို ဆောင်ရွက်ပေးတဲ့အတွက် ဆီဈေးနှုန်းက အများကြီးကျပါတယ်။ ဘုရင့်နောင်ဈေးတို့လို လက်ကားဈေးကြီးတွေမှာတော့ အများကြီးကျသွားတာတွေ့ရပါတယ်” ဟု ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်၍ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်း ကြီးကြပ်ရေးလုပ်ငန်းကော်မတီမှ အပတ်စဉ် စားသုံးဆီ ရည်ညွှန်းဈေးထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။

“ရည်ညွှန်းဈေးနဲ့ သိပ်မကွာတဲ့ ဈေးနှုန်းဖြစ်ဖို့၊ ဈေးကွက်ထဲမှာ လှိုင်လှိုင်ရှိနေဖို့က အသင်းကနေဦးဆောင်ပြီး ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။ စားအုန်းဆီကို in bulk သွင်းတဲ့ လုပ်ငန်းရှင်က မြန်မာတစ်နိုင်ငံလုံးမှာ ကုမ္ပဏီ ၂၁ ခုပဲရှိတယ်။ အဲဒီ ၂၁ ခုလုံးပါတဲ့ လုပ်ငန်းအဖွဲ့လေးဖွဲ့ပြီးလုပ်နေတာဖြစ်ပါတယ်”ဟု ဦးမျိုးသူက ဖြည့်စွက်ပြောကြားသည်။
စားသုံးဆီများဝယ်ယူရာတွင် အမြင့်ဈေးဖြင့် ဆက်လက်ရောင်းချနေပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း သိရသည်။

ဦးမင်းမင်းက “လက်လီဈေးကွက်အတွင်း စားသုံးဆီများဝယ်ယူတဲ့အခါမှာ အရင်ဈေးနှုန်းအတိုင်း အမြင့်ဈေးနှုန်းနဲ့ ဆက်လက်ရောင်းချနေရင် ဝယ်ယူစားသုံးခြင်းမပြုလုပ်ပါနဲ့။ စားသုံးသူရေးရာဦးစီးဌာနကို တိုင်ကြားနိုင်ပါတယ်” ဟုပြောသည်။

အဆိုပါ စားသုံးဆီကိုဈေးမြှင့်ရောင်းချနေခြင်းရှိပါက စားသုံးသူရေးရာဦးစီးဌာန၏ Call Center ၁၅၃၅ ၊ စားသုံးသူရေးရာဦးစီးဌာန Facebook Page နှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၏ Facebook Page များသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ဦးမင်းမင်းက ဆိုသည်။
ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)