Connect with us

Media

မြန်မာနိုင်ငံ၌ လျှပ်စစ်မီတာခ တိုးမြှင့်လာခြင်းက ဆိုလာရွေးချယ်အသုံးပြုမှုကို တွန်းအားဖြစ်ပေါ်စေ

ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ဆိုလာစွမ်းအင် ရွေးချယ်အသုံးပြုမှုများလာခြင်းများက စက်သုံးဆီဈေးနှုန်းများနှင့် လျှပ်စစ်မီတာခများ မြင့်တက်လာခဲ့ခြင်းကြောင့်ဖြစ်ကြောင်း မြန်မာနိုင်ငံအခြေစိုက် တရုတ်စွမ်းအင်သစ် ကုမ္ပဏီတစ်ခုဖြစ်သည့် Sandisolar ၏ လက်ထောက်အထွေထွေမန်နေဂျာ ဒေါက်တာသီသီစိုးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ထို့အပြင် ဆိုလာထုတ်ကုန်များနှင့် ဆက်စပ်ပစ္စည်း ဈေးကွက်အတွင်း ပိုမိုဝင်ရောက်လာခဲ့ခြင်းက ဆွဲဆောင်မှု ရှိသော ရွေးချယ်စရာ ဖြစ်လာစေခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆိုလာစွမ်းအင် ရွေးချယ်ရခြင်းအကြောင်းမှာ လျှပ်စစ်မီးရရှိမှု မတည်ငြိမ်မှုနှင့် လျှပ်စစ်မီတာခများ တိုးမြင့်ခြင်းကြောင့် ဖြစ်ကြောင်း ဆိုလာစွမ်းအင်အသုံးပြုရန် ရွေးချယ်ခဲ့သူ ဒေါ်သီတာထွန်းနှင့် ဦးချိုက်ဆိုင်တို့က ပြောကြားခဲ့သည်။
အသက် ၆၆ နှစ်အရွယ်ရှိ ဒေါ်သီတာထွန်းက “နေရောင်ခြည်စွမ်းအင်ကနေ သဘာဝအလင်းရောင်ကို အသုံးချဖို့ တိုက်တွန်းချင်ပါတယ်။ လျှပ်စစ်ကို အားကိုးနေမယ့်အစား သဘာဝအတိုင်းတည်ရှိပြီး ပေါကြွယ်ဝတဲ့ နေရောင်ခြည်ကို အကျိုးရှိရှိ အသုံးချနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။
အသက် ၄၆ နှစ်အရွယ် ဦးချိုက်ဆိုင်က တရုတ်နိုင်ငံထုတ် ဆိုလာပြားများအား ကြိုက်နှစ်သက်မှုကို ထုတ်ဖော်ပြောဆိုခဲ့ကာ မြန်မာနိုင်ငံ၌ ယင်းဆိုလာပြားများ လူကြိုက်များရေပန်းစားကြောင်း သတိပြုမိပြီး ယင်းဆိုလာပြားများက တည်ငြိမ်သော စွမ်းအင်နှင့် အလင်းရောင်ကို ပေးစွမ်းနိုင်ပြီး လျှပ်စစ်အသုံးအဆောင် ပစ္စည်းများ ပျက်စီးနိုင်သည့် မကြာခဏ မီးလာလိုက် ပျက်လိုက် အခြေအနေများကို ကာကွယ်ပေးကြောင်း ပြောကြားခဲ့သည်။
“ဆိုလာစွမ်းအင်ပြောင်းလဲအသုံးပြုလိုက်ခြင်းအားဖြင့် ကျွန်တော့်အိမ်အတွက် ပိုပြီး စိတ်ချရတဲ့ ၊ ရေရှည်တည်တံ့တဲ့ စွမ်းအင်အရင်းအမြစ် ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ဆိုလာစျေးကွက်ကို Sandisolar အပါအဝင် တရုတ်ကုမ္ပဏီများက အများဆုံး ဦးဆောင်ထားကြောင်း၊ Sandisolar သည် ၂၀၂၂ ခုနှစ်တွင် ဆိုလာစီမံကိန်း ၃၆ ခု ဆောင်ရွက်ပြီးစီးခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် စီမံကိန်းအရေအတွက် ၁၁၅ ခုအထိ တိုးလာခဲ့ကာ ၂၀၂၄ ခုနှစ်အတွက် စီမံကိန်းပေါင်း ၂၀၀ ကျော် စီစဉ်ဆောင်ရွက်နေကြောင်း ဒေါက်တာသီသီစိုးက ပြောသည်။
အဆိုပါတိုးတက်မှုက မြန်မာနိုင်ငံ၌ ဆိုလာစွမ်းအင်အသုံးပြုမှုတိုးလာမှုကို ပြသနေခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ ဆိုလာတပ်ဆင်မှုများက တစ်နှစ်ထက်တစ်နှစ် တိုးလာခဲ့ပြီး နေအိမ်၊ စီးပွားရေးနှင့် စက်ရုံများအတွက် မြို့ပြနှင့် ကျေးလက်ဒေသ နှစ်ခုစလုံးတွင် ပိုမိုတွင်ကျယ်စွာ ရွေးချယ်အသုံးပြုနေကြကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကျေးလက်ဒေသများတွင် ကျေးလက်မီးလင်းရေးစီမံကိန်းများ၌ ဆိုလာစနစ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်ဓာတ်အားလက်လှမ်းမီမှု နည်းပါးကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိသည့် ဒေသများတွင်လည်း အသေးစား ဆိုလာကိရိယာများကို အသုံးပြုလျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ဆိုလာစွမ်းအင်က စီးပွားရေးလုပ်ငန်းများအား ကုန်ကျစရိတ်လျှော့ချပေးပြီး တည်ငြိမ်သော ဓာတ်အား ထောက်ပံ့မှုပေးခြင်းဖြင့် ပံ့ပိုးပေးလျက်ရှိကြောင်း လောင်စာစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်များအသုံးပြုခြင်းနှင့် နှိုင်းယှဉ်ပါက ဆူညံမှု မရှိဘဲ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတရှိသော လေထုကို ဖန်တီးပေးကြောင်း ဒေါက်တာသီသီစိုးက အလေးပေး ပြောကြားခဲ့သည်။ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်နှင့် လျန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) အစီအစဉ်များ၏ ပံ့ပိုးမှုများကြောင့် ဆိုလာစွမ်းအင်စီမံကိန်းများစွာကို အကောင်အထည်ဖော်ခဲ့ပြီး ဖြစ်ကြောင်း Sandisolar ထံမှ သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.