Connect with us

Media

မြန်မာနိုင်ငံ ဧရာဝတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အင်အား ရစ်(ခ်)တာစကေး ၅.၁ အဆင့်နှင့် ၅.၅ အဆင့်ရှိ ငလျင် နှစ်ခုအပါအဝင် နောက်ဆက်တွဲ မြေငလျင်များ လှုပ်ခတ်

ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်၊ မြန်မာစံတော်ချိန် (၀၄) နာရီ၊ (၃၆) မိနစ်၊ (၄၇) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၃၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ညောင်တုန်းမြို့၏ အရှေ့တောင်ဘက် (၆) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၆.၉၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၆၆) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားမှုအား တိုင်းထွာရခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ အဆိုပါ ငလျင် လှုပ်ခတ်အပြီး မိနစ်ပိုင်းအကြာတွင် ညောင်တုန်းမြို့အနီး အင်အား ရစ်(ခ်)တာစကေး ၃.၁ မှ ၄.၈ အဆင့်ရှိ နောက်ဆက်တွဲ မြေငလျင်များ ထပ်မံ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ဒါ့အပြင် မြန်မာစံတော်ချိန် (၁၂) နာရီ၊ (၀၆) မိနစ်၊ (၃၅) စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၃၅) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဟုမ္မလင်းမြို့၏ အနောက်တောင်ဘက် (၂၃) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၆၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၇) ဒီဂရီ၊ အနက် (၆၄) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၅) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု ထပ်မံလှုပ်ရှားသွားကြောင်း သိရသည်။ (Xinhua)