Economy
နှစ်နိုင်ငံဆက်ဆံရေး အဆင့်တိုးမြှင့်ရန် သီရိလင်္ကာဝန်ကြီးချုပ် ၊ တရုတ်နိုင်ငံ သို့အလည်အပတ်သွားမည်

ကိုလံဘို ၊ ဧပြီ ၄ ရက် ( ဆင်ဟွာ )
အနာဂတ်တွင် တရုတ်နိုင်ငံ နှင့် ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်စေရန် ရည်ရွယ်ပြီး သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Ranil Wickremesinghe သည် တရုတ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် သွားရောက်မည်ဟု သီရိလင်္ကာ ဝန်ကြီးချုပ်ရုံးက ၂ဝ၁၆ ခုနှစ် ဧပြီ ၃ ရက်တွင် သတင်းထုတ်ပြန်သည်။
သီရိလင်္ကာဝန်ကြီးချုပ်၏ ချစ်ကြည်ရေးခရီးစဉ်သည် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလက သီရိလင်္ကာသမ္မတ Maithripala Sirisena ခေါင်းဆောင်သော အစိုးရ အာဏာရပြီးနောက်ပိုင်း သီရိလင်္ကာ ဝန်ကြီးချုပ် တစ်ဦးအနေဖြင့် ပထမဆုံး တရုတ်နိုင်ငံ ခရီးစဉ်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ခရီးစဉ်တွင် နှစ်နိုင်ငံဆက်ဆံရေး နှင့် ပတ်သက်ပြီး အဆင့်မြှင့် တင်မှုများပြုလုပ်သွားနိုင်ရန် နှစ်ဖက်အဆင့်မြင့် ပုဂ္ဂိုလ်များကြားဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။
“ တရုတ်နိုင်ငံ နဲ့သီရိလင်္ကာနိုင်ငံ ကြားမှာ ဆက်ဆံရေး တိုးမြှင့်သွားဖို့ဆွေးနွေးမယ်။ ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံကြား စီးပွားရေး ၊ ရင်းနှီးမြှုပ်နှံမှု နဲ့နည်းပညာပိုင်း ဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုတွေလုပ်သွားဖို့လည်း ဆွေးနွေးကြမှာပါ ” ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့ပြင် သိပ္ပံ ၊ အားကစား ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း ၊ ရေအရင်းအမြစ်စီမံခန့်ခွဲမှု နှင့် ရွေ့လျားဆေးခန်းများ နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကိုလည်း အတူတကွ ပူးပေါင်းဆောင်ရွက် သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
သီရိလင်္ကာဝန်ကြီးချုပ် Wickremesinghe ၏ တရုတ်နိုင်ငံခရီးစဉ်သည် ဧပြီ ၆ ရက် တွင် စတင်မည်ဖြစ်ပြီး ၊ ၎င်းနှင့်အတူ နိုင်ငံခြားရေးဝန်ကြီး Mangala Samaraweera ၊ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ နှင့် နိုင်ငံတကာ ကုန်သွယ်ရေးဝန်ကြီး Malik Samarawickrema နှင့် အထူးလုပ်ငန်းများဆိုင်ရာဝန်ကြီး Sarath Amunugama တို့လိုက်ပါကြမည်ဟု သိရသည်။ ( Xinhua )