Connect with us

Local

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၃ ရက်အတွင်း ကန်ဒေါ်လာ ၈ ဒသမ ၉ သန်း နိုင်ငံခြားငွေဈေးပြိုင်လေလံစနစ်ဖြင့်ဝယ်ယူ

အမေရိကန်ဒေါ်လာငွေအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စက်တင်ဘာ ၂၁ ရက် မှ စက်တင်ဘာ ၂၃ ရက် အထိ  ၃ရက်အတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ သန်းကို နိုင်ငံခြားငွေဈေးပြိုင်လေလံစနစ်ဖြင့် ဝယ်ယူခဲ့ကြောင်း သိရသည်။

ကမ္ဘောဇဘဏ် အကြီးတန်းအကြံပေး ဦးသန်းလွင်က “ဗဟိုဘဏ်က အခုလိုဒေါ်လာကိုနေ့တိုင်းဆက်တိုက် ဝယ်တာမျိုးက ရှားတယ်။ အခုလိုဗဟိုဘဏ်က ၃ ရက်ဆက်တိုက် ဝယ်တာ တောင် မှ အမေရိကန်ဒေါ်လာ က ဈေးကျနေတုန်းပဲ။ ဗဟိုဘဏ်ဝယ်ယူမှုမရှိရင် ဒေါ်လာဈေးကတော်တော်ပြုတ်ကျသွားနိုင်တယ်’’ ဟု ပြောကြားသည်။

ထိုသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၃ ရက်ဆက်တိုက် အမေရိကန်ဒေါ်လာ ဝယ်ယူခဲ့သော်လည်း စက်တင်ဘာ ၁၈ ရက်တွင် အမေရိကန်တစ်ဒေါ်လာလျှင်  ၁,၃၃၄ကျပ်ပေါက်ဈေး ရှိပြီး ယနေ့ စက်တင်ဘာ ၂၃ ရက် တွင် အမေရိကန်တစ်ဒေါ်လာ  ၁,၃၂၇ ကျပ်အထိ ၇ ကျပ် မျှ ဈေးကျခဲ့ကြောင်းသိရသည်။

စက်တင်ဘာ ၂၁ ရက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားငွေဈေးပြိုင်လေလံစနစ်ဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈သန်း ကို လေလံပျမ်းမျှငွေလဲလှယ်နှုန်း ၁၃၂၂ ကျပ်ဖြင့်ဝယ်ယူခဲ့ပြီး စက်တင်ဘာ ၂၂ ရက်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ သန်း ကို လေလံပျမ်းမျှငွေလဲလှယ်နှုန်း ၁၃၁၇ ဒသမ ၉  ကျပ်ဖြင့်ဝယ်ယူခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၃ ရက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားငွေဈေးပြိုင်လေလံစနစ်ဖြင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈သန်း ကို လေလံပျမ်းမျှငွေလဲလှယ်နှုန်း ၁၃၁၄ ဒသမ ၅ ကျပ်ဖြင့်ဆက်လက် ဝယ်ယူခဲ့ကြောင်းလည်း သိရသည်။  (Xinhua)