Local
၅၂ ကြိမ်မြောက် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းတွဲ ၁၅၀၀ ပိုမိုပြသ

နေပြည်တော်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)
ယနေ့ နေပြည်တော်တွင် ကျင်းပသည့် ၅၂ ကြိမ်မြောက် ကျောက်မျက် ရတနာပြပွဲတွင် မနှစ်က ပြသခဲ့သည့် ကျောက်စိမ်းတွဲ အရေအတွက်ထက် အတွဲပေါင်း ၁၅၀၀ လောက် ပိုမို ပြသခဲ့ကြောင်း ကျောက်မျက် ရတနာ ပြပွဲ စီမံရေးရာ လုပ်ငန်းကော်မတီ မှ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဇော်ဦး က ဆင်ဟွာကို ပြောသည်။
ပြီးခဲ့သည့် နှစ်တွင် ကျောက်စိမ်းတွဲပေါင်း ၇၅၀၀ ပြသခဲ့ပြီး၊ ယခု နှစ်တွင် ၈၉၄၃ တွဲ ပြသခဲ့ကြောင်း၊ အတွဲပေါင်း ၁၅၀၀ လောက် ပိုမိုပြသခဲ့ကြောင်း ၎င်းကဆိုသည်။
ပြပွဲတွင် ကျောက်မျက်အတွဲ ၃၂၃ တွဲ ခင်းကျင်းပြသ ရောင်းချမှာဖြစ်ပြီး ယူရို ၅၀၀ မှ ၂၀,၀၀၀ အထိတန်ဖိုးရှိ ၂၃၆ တွဲကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကာ၊ ၈၇ တွဲကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ ကျောက်စိမ်း အတွဲများအနေဖြင့် ၈၉၄၃ တွဲ တင်ပြ ရောင်းချမည်ဖြစ်ပြီး ယူရို ၄,၀၀၀ မှ ယူရို ၂၀၀,၀၀၀ အထိ တန်ဖိုးရှိသည့် ကျောက်စိမ်း တွဲများကို တင်ဒါစနစ်ဖြင့် ရောင်းချမှာဖြစ်ပြီး ၊ ယူရို ၂၀၀,၀၀၁ နှင့်အထက် တန်ဖိုးရှိ ကျောက်စိမ်းတွဲတွေကိုဈေးပြိုင်စနစ်နဲ့ ရောင်းချမည် ဖြစ်ကြောင်းသိရသည်။
(၅၂) ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာပြပွဲကို ၂၀၁၅ ခုနှစ် ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၆ ရက်အထိ နေပြည်တော် မဏိရတနာ ကျောက်စိမ်း ခန်းမတွင် ကျင်းပမည် ဖြစ်ပြီး ကျောက်မျက် အတွဲများကို ဇွန်လ ၂၄ ရက်မှ ၂၇ ရက်အထိ ရောင်းချမည်ဖြစ်ကာ ၊ ကျောက်စိမ်းအတွဲများကို ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၆ ရက်အထိ ရောင်းချသွားမည် ဖြစ်ကြောင်းသိရသည်။
နေပြည်တော်တွင် ကျင်းပသော ၅၂ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာပြပွဲ (ဆင်ဟွာ)
ဦးသန်းဇော်ဦးက “ကျောက်မျက် ရတနာပြပွဲကို လာရောက်တဲ့ ပြည်ပ ရတနာကုန်သည်တွေ အနေနဲ့ အရင်နှစ်က လူဦးရေ ၄,၀၀၀ ကျော်ဝင်ရောက်ခဲ့ပေမယ့် အခုနှစ် ဇွန်လ ၂၃ ရက်နေ့ စာရင်းအထိ ပြည်ပမှ ရတနာကုန်သည် ၂,၂၃၅ ယောက်ပဲ အဝင်ရှိသေးတယ် ။ ဒါကြောင့် အရင်နှစ်နဲ့ယှဉ်ရင် ထက်ဝက်ခန့် လျော့ကျ သွားတယ်” ဟု ဆိုသည်။
ယခု နှစ်တွင် ပြည်တွင်းမှ ရတနာကုန်သည် အရေအတွက် ၂,၉၃၈ ယောက် ဝင်ရောက်မှု ရှိကြောင်းလည်း သိရသည်။ (Xinhua)