Connect with us

Local

ကျောက်စိမ်း ၊ ကျောက်မျက် နှင့် ပုလဲ အတွဲပေါင်း ၇,၇၀၀ ကျော် အိတ်ဖွင့် လေလံ စနစ်ဖြင့် ရောင်းချ မည့် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲ စတင်

မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ကျင်းပမှု မြင်ကွင်းများအား တွေ့ ရစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ မတ် ၁၁ ရက်(ဆင်ဟွာ)

၅၆ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ယနေ့ စတင် ကျင်းပခဲ့ပြီး ကျောက်စိမ်း ၊ ကျောက်မျက် နှင့် ပုလဲ အတွဲပေါင်း ၇,၇၄၈ တွဲအား အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ဗဟို ကော်မတီမှ သိရသည်။

ပြပွဲတွင် ရောင်းချမည့် ကျောက်စိမ်း ၊ ကျောက်မျက် နှင့် ပုလဲ အတွဲပေါင်း ၇,၇၄၈ တွဲတွင် ပုလဲ အတွဲပေါင်း ၂၇၄ တွဲ ၊ ကျောက်မျက် အတွဲပေါင်း ၅၀၀ တွဲ နှင့် ကျောက်စိမ်း အတွဲပေါင်း ၆,၉၇၄ တွဲတို့ပါဝင်ကြောင်း သိရသည်။

ယခုနှစ် ပြပွဲတွင် အရည်အသွေး အမျိုးအစား ကောင်းမွန်သည့် ကျောက်အတွဲ အများအပြား ပါဝင်လာသဖြင့် ယခင် ပွဲများထက် ပိုမို ရောင်းရနိုင်ကြောင်း ၊ ကုန်သည်များလည်း စိတ်ဝင်စားမှုများ ရှိကြသည်ဟု သိရကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးမင်းသူက ဆင်ဟွာသို့ပြောကြားခဲ့သည်။

ပြပွဲအတွင်း ယူရို သန်း ၅၀၀ ကျော် ရောင်းချရနိုင်မည်ဟု မျှော်မှန်းထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့အတူ ပြပွဲတွင် ဈေးအကြီးဆုံး ကျောက်စိမ်း အတွဲ အဖြစ် အခြေခံဈေး ယူရိုငွေ ၅,၁၈၈,၈၀၀ တန်ဖိုးရှိ ကျောက်စိမ်း အတွဲ ပါဝင်ကြောင်း သိရသည်။

၅၆ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ယနေ့မတ် ၁၁ ရက်မှ ၂၀ ရက် အထိ ၁၀ ရက်ကြာ ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

ယခု ကျင်းပသော ၅၆ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ပြည်တွင်း ၊ ပြည်ပ ရတနာ ကုန်သည် စုစုပေါင်း ၄,၁၃၂ ဦး တက်ရောက်ရန် စာရင်းပေးထားပြီး ပြည်ပမှ ရတနာ ကုန်သည်များ အနေဖြင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ၊ ထိုင်းနိုင်ငံ ၊ သြစတေးလျ နိုင်ငံ ၊ အမေရိကန် နိုင်ငံ ၊ အိန္ဒိယ နိုင်ငံ တို့မှ ရတနာ ကုန်သည် ၂,၈၄၅ ဦး အနက် တရုတ် နိုင်ငံမှ အများဆုံး တက်ရောက်ခဲ့သည်။

ပြည်တွင်း ရတနာ ကုန်သည် ၁,၂၈၇ ဦးလည်း တက်ရောက် ခဲ့ကြောင်း သိရသည်။

အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ပုလဲ အတွဲများအား အခြေခံဈေး ယူရိုငွေ ၅၀၀ နှင့် အထက် တန်ဖိုး သတ်မှတ်ထားပြီး ကျောက်မျက် အတွဲများအား အခြေခံဈေး ယူရိုငွေ ၅၀၀ နှင့် အထက် ၊ ကျောက်စိမ်း အတွဲများအား အခြေခံဈေး ယူရိုငွေ ၅၀၀၀ နှင့် အထက် ၊ ယူရိုငွေ ၁၀၀၀ နှင့် အထက် စသဖြင့် တန်ဖိုးများ သတ်မှတ်ထားကြောင်း သိရသည်။

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲအား ၂၀၁၈ ခုနှစ် ဇွန်လ အတွင်း ကျင်းပခဲ့ပြီး ကျောက်စိမ်း ၊ ကျောက်မျက် နှင့် ပုလဲ အတွဲပေါင်း ၇,၄၉၁ တွဲအား အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချခဲ့ရာ ၅,၆၆၉ တွဲ ရောင်းချနိုင်ခဲ့ကြောင်းနှင့် စုစုပေါင်း တန်ဖိုးအားဖြင့် ယူရို ၄၂၇.၀၉၅ သန်း ရောင်းရခဲ့ရကြောင်း သိရသည်။

မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲများအား ၁၉၆၄ ခုနှစ်မှ စတင် ကျင်းပလာခဲ့ခြင်းဖြစ်သည်။

ယခု ကျင်းပသော ၅၆ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲအား သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲဗဟိုကော်မတီမှ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပြပွဲ စတင်သည့်နေ့တွင် ဒုတိယသမ္မတဦးဟန်နရီဗန်ထီးယူ ၊ သယံဇာတနှင့်သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ ဒုတိယ ဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြည့်ရူအားပေးခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.