Connect with us

Local

မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲ ၆၉တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချနိုင်ခဲ့ဟုဆို


ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ ပြပွဲစတုတ္ထနေ့တွင် ကျောက်မျက် အတွဲစုစုပေါင်း ၆၉ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယနေ့ပြပွဲတွင် ကျောက်မျက်အတွဲပေါင်း ၅၀၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်ပြခဲ့ရာ ကျောက်မျက် အတွဲ ၆၉ တွဲကို ယူရိုငွေ ၁ ဒသမ ၀၂၄သန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။(၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာကျောက်စိမ်းခန်းမ၌ မတ် ၂၀ ရက် အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး မတ် ၁၅ ရက်တွင် ကျောက်စိမ်းအတွဲ အမှတ် ၁ မှ ၁၂၀၀ အထိလည်းကောင်း၊ မတ် ၁၆ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၁၂၀၁ မှ ၂၄၀၀ အထိ လည်းကောင်း၊ မတ် ၁၇ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၂၄၀၁ မှ ၃၆၀၀ အထိလည်းကောင်း၊ မတ် ၁၈ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၃၆၀၁ မှ ၄၈၀၀ အထိ လည်းကောင်း၊ မတ် ၁၉ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၄၈၀၁ မှ ၆၀၀၀ အထိလည်း ကောင်း၊ မတ် ၂၀ ရက်တွင် ကျောက်စိမ်း အတွဲအမှတ် ၆၀၀၁ မှ ၆၉၇၃ အထိလည်းကောင်း ခင်းကျင်းပြသ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ခင်းကျင်းပြသထားသော ကျောက်မျက်ရတနာများအား တွေ့ရစဉ်(ဆင်ဟွာ)

ကျောက်မျက်ရတနာပြပွဲသို့ တရုတ်၊ ထိုင်း၊ သြစတြေးလျ၊ အမေရိကန်နှင့် အိန္ဒိယ နိုင်ငံတို့မှ ပြည်ပ ရတနာကုန်သည်စုစုပေါင်း၂၉၀၅ ဦးနှင့် ပြည်တွင်းရတနာကုန်သည်၁၅၉၂ ဦး စုစုပေါင်းရတနာ ကုန်သည် ၄၄၉၇ ဦး တက်ရောက်ရန် မှတ်ပုံတင် ထားပြီး ယနေ့ပြပွဲသို့ ပြည်တွင်းပြည်ပ ရတနာ ကုန်သည် အများအပြားတက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)