Local
မြန်မာ့ရွှေဈေး ၅ ရက်အတွင်း တစ်ကျပ်သား ၃၇,၀၀၀ ကျပ် မြင့်တက်၊ ရွှေပြန်ရောင်းသူများပြား
ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ)
ကမ္ဘာ့ရွှေဈေးတစ်အောင်စ ကို ၁၇၀၄ ဒေါ်လာမှ ၁၇၆၂ ဒေါ်လာ အထိ မြင့်တက်လာသည့် အတွက် မြန်မာ့ရွှေဈေး သည် တစ်ကျပ်သားလျှင် ၁,၁၉၀,၀၀၀ ကျပ် မှ ၁,၂၂၇,၀၀၀ ကျပ်အထိရောက်ရှိသွားပြီး ၅ ရက်အတွင်း တစ်ကျပ်သား ၃၇,၀၀၀ ကျပ် တက်သွားခဲ့ကြောင်း ၊ သို့သော် ရွှေဆိုင်များတွင် ရွှေဝယ်သူထက် ရွှေရောင်းသူပိုမိုများပြားလာကြောင်း ပန်းပဲတန်းမြို့နယ်ရှိ တိတ်စိန်ရွှေဆိုင်ရှင် ဦးဇော်အောင်က ယနေ့ မေ ၁၈ ရက်တွင် ဆင်ဟွာသို့ ပြောကြားသည်။
ဦးဇော်အောင်က “ကျွန်တော်တို့ဆီကို ဥပမာ လူ၁၀ ယောက် ဝင်ရင် ၉ ယောက်က ပြန်ရောင်းကြတယ်။ လက်ရှိမှာငွေဖော်တဲ့သူက ပိုများနေတယ်” ဟု ဆိုသည်။ကမ္ဘာ့စီးပွားရေးအေးစက်မှုကြောင့် ကမ္ဘာ့ရွှေဈေးသည် ဆက်တိုက်မြင့်တက်လျက်ရှိကြောင်း သိရသည်။ လက်ရှိ COVID-19 ကာလ တွင်ဝန်ထမ်းလျှော့ခြင်းများ၊ အိမ်တွင်နေထိုင်ရခြင်းများ စသည့်အကြောင်းအရာများကြောင့် လူအများစုသည် ငွေဖော်လာကြခြင်းဖြစ်ကြောင်း သိရသည်။
ပန်းပဲတန်းမြို့နယ်ရှိ ကောင်းစံရွှေဆိုင်ပိုင်ရှင် ဦးမျိုးကျော်ကျော်က “ကမ္ဘာ့ရွှေဈေးကိုအတက်ဖက် မှန်းနေကြတယ်။ ဒေါ်လာကလည်း တစ်ဒေါ်လာ ကို ၁၄၀၀ အပေါ်လောက်မှာပဲ ရှိနိုင်သေးတယ်။ အဲဒီတော့ ရွှေဈေးက ထပ်ပြီး တက်ရိပ်ရှိနေသေးတယ်’’ဟုပြောသည်။
မေ ၁၈ ရက် မွန်းလွဲ ၃ နာရီတွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စ လျှင် ၁၇၆၂ ဒေါ်လာ၊ မြန်မာ့ရွှေဈေးသည် တစ်ကျပ်သားလျှင် ၁,၂၂၇,၀၀၀ ကျပ် နှင့် တစ်ဒေါ်လာပေါက်ဈေး ၁၄၁၃ကျပ် အသီးသီး ရှိကြောင်းသိရသည်။ (Xinhua)