Connect with us

Local

မြန်မာ့ရွှေဈေး ၅ ရက်အတွင်း တစ်ကျပ်သား ၃၇,၀၀၀ ကျပ် မြင့်တက်၊ ရွှေပြန်ရောင်းသူများပြား

ရွှေဆိုင်တစ်ဆိုင်တွင် ပြသထားသည့်ရွှေထည်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ)

ကမ္ဘာ့ရွှေဈေးတစ်အောင်စ ကို ၁၇၀၄ ဒေါ်လာမှ ၁၇၆၂ ဒေါ်လာ အထိ မြင့်တက်လာသည့် အတွက် မြန်မာ့ရွှေဈေး သည်  တစ်ကျပ်သားလျှင် ၁,၁၉၀,၀၀၀  ကျပ် မှ ၁,၂၂၇,၀၀၀ ကျပ်အထိရောက်ရှိသွားပြီး ၅ ရက်အတွင်း တစ်ကျပ်သား ၃၇,၀၀၀ ကျပ် တက်သွားခဲ့ကြောင်း ၊ သို့သော် ရွှေဆိုင်များတွင် ရွှေဝယ်သူထက် ရွှေရောင်းသူပိုမိုများပြားလာကြောင်း ပန်းပဲတန်းမြို့နယ်ရှိ တိတ်စိန်ရွှေဆိုင်ရှင် ဦးဇော်အောင်က ယနေ့ မေ ၁၈ ရက်တွင် ဆင်ဟွာသို့  ပြောကြားသည်။

ဦးဇော်အောင်က “ကျွန်တော်တို့ဆီကို ဥပမာ လူ၁၀ ယောက် ဝင်ရင် ၉ ယောက်က ပြန်ရောင်းကြတယ်။ လက်ရှိမှာငွေဖော်တဲ့သူက ပိုများနေတယ်” ဟု ဆိုသည်။ကမ္ဘာ့စီးပွားရေးအေးစက်မှုကြောင့် ကမ္ဘာ့ရွှေဈေးသည် ဆက်တိုက်မြင့်တက်လျက်ရှိကြောင်း သိရသည်။ လက်ရှိ COVID-19 ကာလ တွင်ဝန်ထမ်းလျှော့ခြင်းများ၊ အိမ်တွင်နေထိုင်ရခြင်းများ စသည့်အကြောင်းအရာများကြောင့် လူအများစုသည် ငွေဖော်လာကြခြင်းဖြစ်ကြောင်း သိရသည်။ 

ပန်းပဲတန်းမြို့နယ်ရှိ ကောင်းစံရွှေဆိုင်ပိုင်ရှင် ဦးမျိုးကျော်ကျော်က “ကမ္ဘာ့ရွှေဈေးကိုအတက်ဖက် မှန်းနေကြတယ်။ ဒေါ်လာကလည်း တစ်ဒေါ်လာ ကို ၁၄၀၀ အပေါ်လောက်မှာပဲ ရှိနိုင်သေးတယ်။ အဲဒီတော့ ရွှေဈေးက ထပ်ပြီး တက်ရိပ်ရှိနေသေးတယ်’’ဟုပြောသည်။

မေ ၁၈ ရက် မွန်းလွဲ ၃ နာရီတွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စ လျှင် ၁၇၆၂ ဒေါ်လာ၊ မြန်မာ့ရွှေဈေးသည် တစ်ကျပ်သားလျှင် ၁,၂၂၇,၀၀၀ ကျပ် နှင့် တစ်ဒေါ်လာပေါက်ဈေး ၁၄၁၃ကျပ် အသီးသီး ရှိကြောင်းသိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.