Connect with us

Local

ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်လာသည့် အတွက် မြန်မာ့စက်သုံးဆီဈေးနှုန်းများအနည်းငယ်မြင့်တက်လာ

စက်သုံးဆီ အရောင်းဆိုင်တစ်ခုတွင် ဆီထည့်နေမှု အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ)

ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်လာသည့် အတွက် မြန်မာ့စက်သုံးဆီဈေးနှုန်းများ တစ်လီတာလျှင် ကျပ် ၁၀၀ နှင့်အထက် အနည်းငယ်ဈေးမြင့်တက်သွားခဲ့ကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ မေ ၁၉ ရက်တွင် ပြောသည်။

၎င်းက “ကမ္ဘာ့ဈေးကွက် မှာ ဈေးပြန်တက်လို့ မြန်မာမှာလည်းဈေးလိုက်တက်တာပါ။ ဈေးတက်တာ ၇ ရက် လောက်ပဲ ရှိပါသေးတယ်’’ ဟုပြောသည်။ကမ္ဘာ့နိုင်ငံများတွင် စက်သုံးဆီဈေးနှုန်း တစ်ရိပ်ရိပ် ပြန်တက်လာပြီး မေ ၁၉ရက်တွင် ကမ္ဘာ့ဈေးကွက် ၌ ရေနံစိမ်းတစ်စည်လျှင် ၃၂ဒသမ၁၈ ဒေါ်လာ ထိ ဈေးပေါက်ခဲ့ကြောင်း သိရသည်။

Mandalarian Financial Group စီးပွားရေးအကြံပေး ဦးအာကာမောင် က “စက်သုံးဆီဈေးက တစ်ရိပ်ရိပ်ပြန်တက်လာတယ်။ စက်သုံးဆီ က ထပ်တက်မယ့် အလားအလာရှိသေးတယ်။ ၁ ပတ်ဝန်းကျင်လောက်ရှိပြီ။ လက်ရှိမှာ အတက်ဘက် ကိုဦးတည်နေတယ်။ အနိမ့်ဆုံး ရေနံစိမ်းတစ်စည် ဈေးနှုန်းကို ၉ဒေါ်လာ အထိကျခဲ့တယ်။ အခု ၃၂ဒသမ၁၈ ဒေါ်လာ အထိ ပြန်တက်လာပါတယ်။ ဈေးထပ်တက်မယ် ဆိုရင် ရေနံစိမ်းတစ်စည်ကို ၃၆ဒသမ၄၅ လောက်အထိ တက်နိုင်တယ်”  ဟု ဆိုသည်။

မေ ၁၉ ရက်တွင် ရန်ကုန်၏ စက်သုံးဆီ ဈေးနှုန်းများမှာ ဒီဇယ်တစ်လီတာ ၄၂၀ ကျပ် မှ  ၄၈၀ ကျပ် ကြား၊ ပရီမီယံဒီဇယ် တစ် လီတာ ၄၃၀ ကျပ် မှ ၄၉၀ကျပ်ကြား ၊ အောက်တိန်း ၉၂တစ်လီတာ ၃၃၀ ကျပ်မှ ၃၆၀ ကျပ်ကြား၊ အောက်တိန်း ၉၅ တစ်လီတာ ၄၇၀ ကျပ်မှ ၅၀၀ ကျပ်ကြား အတက်အကျရှိကြောင်း သိရသည်။

ထူးစက်သုံးဆီဆိုင်မှ အထွေထွေမန်နေဂျာ ဦးကျော်စွာသိန်းက “အခု လူတွေ ကအပြင်နည်းနည်းပြန်ထွက်လာတော့ ကမ္ဘာ့ဈေးကွက် ပေါ်မူတည်ပြီးနည်းနည်းတက်လာတာပါ။ အရင်ဈေး ကို ပြန်မရောက်သေးပါဘူး’’ ဟု ဆိုသည်။ဧပြီ၃၀ ရက်တွင် အောက်တိန်း ၉၂တစ်လီတာ ၂၉၀ ကျပ်မှ ၃၁၀ ကျပ်ကြား၊ အောက်တိန်း ၉၅ တစ်လီတာ ၄၃၀ ကျပ်မှ ၄၅၀ ကျပ်ကြား အသီးသီး ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.