Connect with us

Local

ရင်းနှီးမြှုပ်နှံသူများ ဝင်ငွေခွန် ကင်းလွတ် ၊ သက်သာခွင့်ကို ဖွံ့ဖြိုး တိုးတက်မှု ဒေသအလိုက် ရရှိစေမည့် ဇုန်အမျိုးအစားများ သတ်မှတ်

မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နေသည့် စက်ရုံ လုပ်ငန်းခွင် တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၁ ရက်(ဆင်ဟွာ)

ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ဝင်ငွေခွန် ကင်းလွတ် ၊ သက်သာခွင့်ကို ဖွံ့ဖြိုး တိုးတက်မှု ဒေသအလိုက် ရရှိစေမည့် ဇုန်အမျိုးအစားများအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သတ်မှတ် ထုတ်ပြန်ခဲ့သည်။

ဖွံ့ဖြိုး တိုးတက်မှု ဇုန်အမျိုးအစား အလိုက် ဖွံ့ဖြိုးမှု နည်းပါးသော ဒေသများကို ဇုန်(၁) အဖြစ် လည်းကောင်း ၊ ဖွံ့ဖြိုးမှု အသင့်အတင့် ရှိသော ဒေသများကို ဇုန်(၂) အဖြစ် လည်းကောင်း ၊ ဖွံ့ဖြိုးမှု ရှိသော ဒေသများကို ဇုန်(၃) အဖြစ် လည်းကောင်း ပြည်ထောင်စု အစိုးရ အဖွဲ့၏ အတည်ပြုချက်ဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အမိန့်ကြော်ငြာစာ အမှတ် (၁၀/၂၀၁၇)ဖြင့် သတ်မှတ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့သတ်မှတ်ရာတွင် ဇုန်(၁)တွင် တိုင်းဒေသကြီး/ပြည်နယ် ၁၃ ခုတွင် ၁၇၃ မြို့နယ် ၊ ဇုန်(၂)တွင် နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၁၁ ခုတွင် ၁၂၂ မြို့နယ် နှင့် ဇုန်(၃)တွင် မန္တလေး တိုင်းဒေသကြီးတွင် ၁၄ မြို့နယ် နှင့် ရန်ကုန်တိုင်း ဒေသကြီးတွင် ၃၂ မြို့နယ်တို့အား သတ်မှတ်ထားကြောင်း သိရသည်။

ဖွံ့ဖြိုး တိုးတက်မှု ဇုန်အမျိုးအစား အလိုက် ဝင်ငွေခွန် ကင်းလွတ် ၊ သက်သာခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် ပြဌာန်းထားသည့် အတိုင်း ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း ၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးသန်းအောင်ကျော်က ဆင်ဟွာသို့ပြောသည်။

ဝင်ငွေခွန် ကင်းလွတ်ခွင့်အား ဖွံ့ဖြိုး တိုးတက်မှု ဇုန်အလိုက် လုပ်ကိုင် ဆောင်ရွက်ရုံသာမက ရင်းနှီးမြှုပ်နှံမှု မူဝါဒထဲတွင် ပါဝင်သည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှသာ ကင်းလွတ် ၊ သက်သာခွင့် ရရှိမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ ဝင်ငွေခွန် ကင်းလွတ်ခွင့်ကို ရင်းနှီးမြှုပ်နှံမှု မြင့်တင် ဆောင်ရွက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည့် ကဏ္ဍများအတွက်သာ ခွင့်ပြုရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် ထည့်သွင်း ပြဌာန်းထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ထုတ်ပြန်ထားသည့် ရင်းနှီးမြှုပ်နှံမှု မူဝါဒအရ လယ်ယာ ထုတ်ကုန် ၊ အသေးစား နှင့် အလတ်စား စီးပွားရေး ၊ အခြေခံ စီးပွားရေး အဆောက်အဦ ၊ သက်မွေးဝမ်းကျောင်း ပညာ ၊ ခရီးသွားလုပ်ငန်း စသည့် အချက်များ ပါဝင်သည့် လုပ်ငန်းကဏ္ဍ ၈ ရပ်အား ကြိုဆို အားပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဝင်ငွေခွန် ကင်းလွတ်ခွင့်အား ဇုန်(၁) အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ် စတင်သော နှစ် အပါအဝင် တဆက်တည်း ၇ နှစ်အထိ လည်းကောင်း ၊ ဇုန်(၂) အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ် စတင်သော နှစ် အပါအဝင် တဆက်တည်း ၅ နှစ် အထိ လည်းကောင်း ၊ ဇုန်(၃) အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ် စတင်သော နှစ် အပါအဝင် တဆက်တည်း ၃ နှစ်အထိ လည်းကောင်း ဝင်ငွေခွန် ကင်းလွတ်ခွင့် ပြုနိုင်ကြောင်း သိရသည်။

ထို့အတူ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေမှာ ယခု မတ်လအတွင်း ထွက်ရှိမည် ဖြစ်ကြောင်း ၊ ဇုန်အမျိုး အစား အလိုက် ဝင်ငွေခွန် ကင်းလွတ် ၊ သက်သာခွင့်များသည် ဧပြီလမှ စတင် အကျိုးခံစားခွင့် ရှိမည် ဖြစ်ကြောင်း သိရသည်။

ယခု သတ်မှတ် လိုက်သည့် ဖွံ့ဖြိုး တိုးတက်မှု ဇုန်အမျိုးအစားများအား တိုင်းဒေသကြီး နှင့် ပြည်နယ်များ၏ ဖွံ့ဖြိုး တိုးတက်မှု နှင့် လိုအပ်ချက် အပေါ် မူတည်၍ ပြည်ထောင်စု အစိုးရ အဖွဲ့၏ အတည်ပြုချက်ဖြင့် လိုအပ်သလို ပြောင်းလဲ သတ်မှတ်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် နိုင်ငံတော် အတွင်း ဖွံ့ဖြိုး တိုးတက်ရန် လိုအပ်သည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် စေခြင်းအားဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ပြုစေရေး အတွက် လည်းကောင်း ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များ အချိုးကျ မျှတစွာ ဖွံ့ဖြိုး တိုးတက် လာစေရေး အတွက် လည်းကောင်း အခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် တစ်ရပ်ရပ်ကို ဖြစ်စေ ၊ တစ်ရပ်ရပ်ထက် ပို၍ ဖြစ်စေ ခံစား ခွင့်ပြုရန် ရင်းနှီးမြှုပ်နှံသူက လျှောက်ထားလာလျှင် စိစစ်၍ ခွင့်ပြုပေးနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.