Connect with us

Business

သတ္တမအကြိမ်မြောက် ခရီးသွားလုပ်ငန်းဆိုင်ရာပြပွဲကို စက်တင်ဘာတွင် ရန်ကုန်မြို့ရှိ LOTTE ဟိုတယ်၌ ကျင်းပရန်ရှိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွါနေရာ၌ ခရီးသည်များအား ၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၂ ရက် ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

COVID-19 နဲ့အတူယှဉ်တွဲနေထိုင်၍ ခရီးသွားလိုအား ပြန်လည်တိုးတက်လာစေရန် ရည်ရွယ်၍ သတ္တမအကြိမ်မြောက် ခရီးသွားလုပ်ငန်းဆိုင်ရာပြပွဲကို၂၀၂၂ခုနှစ် စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တွင် ရန်ကုန်မြို့ရှိ LOTTE ဟိုတယ် ၌ ကျင်းပရန်စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်နောင်ဟန်က ဆင်ဟွာသို့ ယနေ့ သြဂုတ် ၁၂ ရက်တွင်ပြောသည်။

ဦးနောင်နောင်ဟန်က “၂၀၁၉ ခုနှစ်မှာခရီးသွားပွဲလုပ်ပြီးတဲ့နောက်ပိုင်းCOVID-19ကြောင့် ပွဲမလုပ်နိုင်ခဲ့ဘဲ အခု ၂၀၂၂ ခုနှစ်မှာမှ ကျွန်တော်တို့နိုင်ငံမှာ ကာကွယ်ဆေးတွေထိုးပြီးသူတွေများလာတယ်။ နိုင်ငံခြားတိုင်းပြည်တွေမှာလည်း ဗီဇာတွေ ပြန်ဖွင့်လာတယ်။ အဲဒီအတွက် ခရီးသွားလုပ်ငန်း ပြန်လည်လှုပ်ခတ်လာဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ခရီးသွားပြပွဲလေးပြန်လုပ်တဲ့သဘောပါ” ဟုပြောသည်။

သတ္တမအကြိမ်မြောက်ခရီးသွားပြပွဲတွင် ခရီးသွားကုမ္ပဏီများမှ၎င်းတို့၏ ခရီးစဉ်များကို ပြသပြီးရောင်းချ သွားမည်ဖြစ်ကြောင်းသိရသည်။

“များသောအားဖြင့်တော့ ပြည်တွင်းခရီးစဉ်တွေနဲ့ ပြည်ပခရီးစဉ်တွေများမယ်။ Domestic Tour နဲ့ Outbound Tour ပေ့ါ။ ပြည်တွင်းနဲ့ ပြည်ပခရီးသွားကိုပဲ ဦးတည်ထားတာပေါ့’’ဟု ၎င်းက ဆက်ပြောသည်။

ခရီးသွားမည့်သူများအနေဖြင့် ယင်းခရီးသွားပြပွဲသို့ လာရောက်ခြင်းအားဖြင့် မည်သည့်နိုင်ငံသို့ ခရီးသွားနိုင်ပြီဟူသော သတင်းအချက်အလက်များ၊ ဗီဇာဆိုင်ရာ သတင်းအချက်အလက်များနှင့် အခြားကန့်သတ်ချက်နှင့်ဆိုင်သော သတင်းအချက်အလက်များအား သိရှိနိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာလေကြောင်းလိုင်းများနှင့် ခရီးသွားကုမ္ပဏီများအနေဖြင့်လည်း ယင်းခရီးသွားပြ ပွဲအတွင်း လေယာဉ်လက်မှတ်နှင့် ခရီးစဉ်များအား အထူးဈေးနှုန်းများဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ (Xinhua)