Connect with us

Local

စက်သုံးဆီဈေးနှုန်းများ ပြန်လည်မြင့်တက်လာ

ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

ပြည်တွင်းစက်သုံးဆီဈေးကွက်တွင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်သော ဩဂုတ် ၉ ရက် ပေါက်ဈေးအရ အောက်တိန်းစက်သုံးဆီများသည် ၂ ရက်အတွင်း တစ်လီတာလျှင် ကျပ် ၂၀၀ ကျော် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ဒီဇယ်နှင့် ပရီမီယံဒီဇယ်များလည်း ဈေးမြင့်လာခဲ့ကြောင်း သိရသည်။စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်သော ဩဂုတ် ၉ ရက် ပေါက်ဈေးအရ ရန်ကုန်မြို့၌ အောက်တိန်း 92 တစ်လီတာလျှင် ၁၈၆၀ ကျပ် ၊ အောက်တိန်း 95 တစ်လီတာလျှင် ၁၉၂၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၂၁၂၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၁၈၅ ကျပ် အသီးသီး ပေါက်ဈေးရှိခဲ့သည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကထုတ်ပြန်သော ဩဂုတ် ၇ ရက် ပေါက်ဈေးအရ ရန်ကုန်မြို့၌ အောက်တိန်း 92 တစ်လီတာလျှင် ၁၆၁၅ ကျပ် ၊ အောက်တိန်း 95 တစ်လီတာလျှင် ၁၆၆၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၂၀၂၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၀၂၅ ကျပ် အသီးသီးပေါက်ဈေးရှိခဲ့သည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ကော်မတီအနေနဲ့ စက်သုံးဆီကို ပြည်တွင်းသုံးလိုအပ်ချက်နဲ့အညီ တင်သွင်းလျက်ရှိပါတယ်။ ဆီသင်္ဘောတွေလည်း တောက်လျှောက်ရောက်နေပါတယ်။ပြည်တွင်းမှာ စက်သုံးဆီပြတ်လပ်မှု က မဖြစ်နိုင်ပါဘူး။ နောက်တစ်ခုက ဈေးနှုန်း အပိုင်းပေါ့။ ကျွန်တော်တို့ ပြည်တွင်းမှာသုံးတဲ့ စက်သုံးဆီတွေရဲ့ ၉၀ ရာခိုင်နှုန်းက ပြည်ပကတင်သွင်းရတာပါ။ အထူးသဖြင့် ကျွန်တော်တို့ တိုင်းပြည်အနေနဲ့ စင်ကာပူက တင်သွင်းတာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ MOPS ဈေးနှုန်းပေါ်အခြေခံပြီး နေ့စဉ်ဈေးနှုန်း ကိုထုတ်ပြန်ပေးနေတာဖြစ်ပါတယ်’’ ဟု ဆင်ဟွာသို့ သြဂုတ် ၉ ရက်တွင် ပြောသည်။

မြန်မာနိုင်ငံတွင် ဓာတ်ဆီနဲ့ ဒီဇယ်ဈေးနှုန်းများသည် ယခင်နှစ်ကထက် ၁၀၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း တရားဝင်ကိန်းဂဏန်းများအရ သိရသည်။ (Xinhua)