Connect with us

Politics, Law & Military

နိုဗယ် ကိုရိုနာဗိုင်းရပ်စ်၏ ဇစ်မြစ်သည် သိပံ္ပရေးရာဖြစ်ပြီး သိပံ္ပပညာရှင်များနှင့်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သုတေသနပြုရမည်ဖြစ်ရာ နိုင်ငံရေးအဖြစ် အသုံးမချသင့် ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်အား ဧပြီ ၂၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုက်)

 ပေကျင်း၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) 

နိုဗယ် ကိုရိုနာဗိုင်းရပ်စ်၏ ဇစ်မြစ်သည် သိပံ္ပရေးရာဖြစ်ပြီး သိပံ္ပပညာရှင်များနှင့်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သုတေသနပြုအဖြေရှာရမည်ဖြစ်ရာ နိုင်ငံရေးအဖြစ်အသုံးမချသင့် ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်က ဧပြီ ၂၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင်  ShenZhen TV သတင်းထောက်က “ယခုရက်ပိုင်းများမှာ အမေရိကန် သမ္မတ ထရမ့်နဲ့ နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယို စသည့် အမေရိကန် အရာရှိတစ်ချို့က နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ ဝူဟန့် ရောဂါပိုးမွှားဗေဒ သုတေသန ဌာနမှလာခြင်းဖြစ်တယ်၊ ဒါကို စုံစမ်းစစ်ဆေးသင့်တယ်ဆိုတဲ့ ပြောကြားချက်တွေအပေါ် ဘယ်လိုတုံ့ပြန် ပြောကြားလိုပါသလဲ”ဟု မေးမြန်းခဲ့ခြင်းအပေါ် ကိန်းစွမ်းက အထက်ပါအတိုင်း ပြန်လည်တုံ့ပြန်ပြောကြားလိုက်ခြင်းဖြစ်သည်။ 

“လက်ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ အမေရိကန်နိုင်ငံအပါအဝင် အခြားနိုင်ငံအများစုရှိ ပြည်သူ့ကျန်းမာရေးနယ်ပယ် သိပံ္ပပညာရှင်တွေနဲ့ ကျွမ်းကျင်သူတွေက နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ဟာ ဓါတ်ခွဲခန်းက လာတယ်ဆိုတဲ့ အထောက်အထားမရှိဘူးလို့ သတ်မှတ်ထားကြတာဖြစ်တယ် ”ဟု ၎င်းက ပြောကြားခဲ့သည်။

“အမေရိကန်ရဲ့ မဟုတ်မမှန်လုပ်ကြံပြောဆိုချက်တွေကို မနေ့က ဝူဟန့် ရောဂါပိုးမွှားဗေဒ သုတေသနဌာန တာဝန်ရှိပုဂ္ဂိုလ်ကလည်း ပြောကြားပြီး ဖြစ်ပါတယ်။ ၎င်းက သုတေသနဌာနဟာ တင်းကြပ်တဲ့စီမံခန့်ခွဲမှုစနစ်တွေရှိတယ်၊ အမေရိကန်ရဲ့ ပြောဆိုချက်ဟာ အထောက်အထားနှင့်ဆင်ခြင်တုံတရား လုံး၀မရှိတဲ့ တစ်သီးပုဂ္ဂလ အမြင်သာဖြစ်တယ်။ သုတေသနဌာနဝန်ထမ်းများအားလုံး တစ်ဦးမှ ရောဂါကူးစက်ခံရခြင်းမရှိသလို သိပ္ပံသုတေသနလုပ်ငန်းတွေကို လုပ်ဆောင်နေဆဲဖြစ်တယ်။ အမေရိကန်ရှိ လူအချို့ရဲ့တာဝန်မဲ့ အပုပ်ချသတင်းလွှင့်နေခြင်းက သုတေသနလုပ်ငန်းတွေနဲ့ နှစ်နိုင်ငံ သိပ္ပံပညာရှင်များအကြား ပူးပေါင်းဆောင်ရွက်မှုတွေကို အတားအဆီး အနှောက်အယှက်သာ ဖြစ်စေမယ်လို့ ပြောကြားခဲ့ပြီး ဖြစ်တယ်”ဟု ဆိုသည်။ 

“ကျွန်တော်တို့ပြောချင်တာက   အမေရိကန်မှာရှိတဲ့ လူတစ်ချို့အနေနဲ့ လက်တွေ့အဖြစ်မှန်ကို လေးစားပါ၊ သိပံ္ပပညာကို လေးစားပါ၊ နိုင်ငံတကာ လူထုအမြင်ကို လေးစားပါလို့ ပြောချင်ပါတယ်။ သူတို့အနေနဲ့ ရန်သူဟာ ဗိုင်းရပ်စ်ကပ်ရောဂါသာဖြစ်ပြီး တရုတ်နိုင်ငံမဟုတ်ဘူးဆိုတာကို နားလည်သင့်တယ် ။ သူတို့ရဲ့လက်ရှိ အဓိက အရေးကြီး တာဝန်ဟာ ပြည်တွင်း ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ဖြစ်ပြီး တရုတ်နိုင်ငံကို အပုပ်ချတိုက်ခိုက်ဖို့ နဲ့ အပြစ်ပုံချ တာဝန်မဲ့လက်ရှောင်ဖို့ မဟုတ်ပါဘူး ”ဟု ပြောကြားခဲ့သည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.