Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်နှင့် ပြင်သစ်နိုင်ငံ သမ္မတ မိုက်ခရွန်ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပြင်သစ်နိုင်ငံ သမ္မတ မိုက်ခရွန်အား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ်နိုင်ငံသမ္မတ မိုက်ခရွန်နှင့် မတ် ၂၃ ရက်က ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးရာတွင် သမ္မတရှီကျင့်ဖိန်က ယခုနှစ် ဇန်နဝါရီလမှစသည့် COVID-19 ရောဂါတိုက်ဖျက်ရေး အရေးကြီးကာလတွင် မိမိအနေဖြင့် သမ္မတ မိုက်ခရွန်နှင့် သုံးကြိမ်တိုင်တိုင်ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ရာ နှစ်ဦးနှစ်ဖက် အပြန်အလှန်ယုံကြည်မှုနှင့် တရုတ်-ပြင်သစ် အဆင့်မြင့် ဆက်ဆံရေးကို ပေါ်လွင်ထင်ဟပ်စေခဲ့ကြောင်း၊ နှစ်နိုင်ငံအနေဖြင့် အပြန်အလှန်စာနာထောက်ခံအားပေးကြသည့် ချစ်ကြည်ရေးအစဉ်အလာနှင့်အတူ ရောဂါကာကွယ်ရေး အထောက်အပံ့ပစ္စည်းများ အပြန်အလှန်ကူညီပံ့ပိုးခဲ့ကြာရာ နိုင်ငံအသီးသီးအပြန်အလှန်စောင့်ရှောက်ဖေးမကာ အခက်အခဲအတူကျော်ဖျက်ရာတွင် စံနမူနာထူနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

မိမိအနေဖြင့် လက်ရှိ ဥရောပတိုက်နှင့် ပြင်သစ်နိုင်ငံ၏ကပ်ရောဂါအခြေအနေကို အနီးကပ်ဂရုစိုက်အလေးထားလျက်ရှိရာ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြင်သစ်နိုင်ငံက အပြုသဘောဆောင် ထိရောက်သည့် ဆောင်ရွက်ချက်များကို ဆောင်ရွက်လျက်ရှိရာ ပြင်သစ်နိုင်ငံအစိုးရနှင့်ပြည်သူများအား ခိုင်မာစွာ နှစ်သိမ့်အားပေး ထောက်ခံကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပြင်သစ်နိုင်ငံအား အစွမ်းကုန် အားပေးကူညီဆောင်ရွက်သွားလိုကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ၏ ရောဂါထိန်းချုပ်ရေးအခြေအနေအား ရှင်းလင်းပြောကြားရာတွင် နိုင်ငံတကာနှင့် ဒေသ ပြည်သူ့ကျန်းမာရေးလုံခြုံမှု၏ ခက်ခဲကြီးမားလှသည့်တာဝန်ကို တရုတ်-ပြင်သစ် နှစ်နိုင်ငံလုံးကအတူတကွ တူထမ်းဆောင်ကြရာ စိတ်စေတနာအရင်းခံပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပူးတွဲသုတေသန လုပ်ငန်းများကို တွန်အားပေး ဆောင်ရွက်သွားသင့်ကြောင်း ၊ နယ်စပ် ရောဂါစစ်ဆေးရေးပူးပေါင်းဆောင်ရွက်ခြင်း၊ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏လုပ်ငန်းများကို အားပေးထောက်ခံခြင်းနှင့်အတူ အာဖရိက နိုင်ငံများ ကပ်ရောဂါထိန်းချုပ်ရေးတွင် အတူ ဖေးမဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ပြင်သစ်နိုင်ငံနှင့်အတူ ဘက်ပေါင်းစုံက ကုလသမဂ္ဂ၊ G20 စသည့် မူဘောင်များအောက်တွင် ညှိနှိုင်းဆွေးနွေးပူးပေါင်းကာ ပူးတွဲရောဂါထိန်းချုပ်ရေး ၊ ကမ္ဘာ့ကျန်းမာရေးစီမံမှုများကို ဆောင်ရွက်သွားလိုကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်အခြားလိုအပ်ချက်ရှိသည့် နိုင်င့များ၏စွမ်းရည်တည်ဆောင်မှုကို ကူညီပံ့ပိုးသွားကာ ကပ်ရောဂါဂယက်ကြောင့် ကမ္ဘာ့စီးပွားရေးအပေါ်သက်ရောက်မှုကို ကာကွယ်ဆောင်ရွက်သွားလိုကြောင်း ၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကပ်ရောဂါကို တွန်းလှန်သွားကြမည်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံ သမ္မတ မိုက်ခရွန်ကလည်း လက်ရှိ ပြင်သစ်နိုင်ငံအတွင်း ဖြစ်ပွားနေသည့် အခြေအနေများနှင့်ဖြေရှင်းဆောင်ရွက်နေသည့် နည်းလမ်းများကို ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအစိုးရနှင့်ပြည်သူများ၏ သတ္တိနှင့်ပြတ်သားစွာ ဆုံးဖြတ်လုပ်ဆောင်မှုကြောင့် အချိန်တိုအတွင်းတွင် ရောဂါအခြေအနေကို ထိရောက်စွာ ထိန်းချုပ်နိုင်ငံခဲ့သည့်အတွက် မိမိအနေဖြင့် အထူးနှစ်သိမ့်မိကြောင်း၊ ပြင်သစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှပေးအပ်သော ထောက်ပံ့ကူညီအားပေးမှုများကို ကျေးဇူးတင်ရှိရာ တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ ကျန်းမာရေး ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်သွားကာ G20၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့စသည့် ဘက်ပေါင်းစုံပါဝင်သည့် မူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ကာ ကပ်ရောဂါကို လက်တွဲတိုက်ဖြတ်သွားလိုကြောင်း၊ ကပ်ရောဂါကြောင်း ကမ္ဘာ့စီးပွားရေးရိုက်ခတ်မှုကို အတူဖြေရှင်းသွားလိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးမှုတွင် အနီးကပ်ဆွေးနွေးညှိနှိုင်းခြင်းဖြင့် နှစ်နိုင်ငံကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေး ဆောင်ရွက်ကာ တရုတ်-ပြင်သစ်၊ တရုတ်-ဥရောပ ကုန်ထုတ်လုပ်မှုလုပ်ငန်းကွင်းဆက်များနှင့် ကုန်ပစ္စည်းပံ့ပိုးမှု လုပ်ငန်းများ ကို တည်ငြိမ်အောင် ဆောင်ရွက်သွားရန် တရုတ်-ပြင်သစ် နှစ်နိုင်ငံခေါင်းဆောင်များက သဘောတူညီခဲ့ကြကြောင်း သိရသည်။ (Xinhua)