Politics, Law & Military
တရုတ် သမ္မတ ရှီကျင့်ဖိန် ကမ္ဘောဒီးယား ဘုရင်အား လက်ခံ တွေ့ဆုံ
ပေကျင်း၊ မတ် ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင် နိုရိုဒမ် စီဟာမွန်နီနှင့် မယ်တော် ဘုရင်မကြီးဟောင်း နိုရိုဒမ် မွန်နိသ် တို့အား မတ်လ ၆ ရက်က ပေကျင်းမြို့၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
တရုတ်နှင့် ကမ္ဘောဒီးယား ပြည်သူများအကြား ခင်မင် ရင်းနှီးမှုအား ဂုဏ်ယူကြောင်း၊ တရုတ်နိုင်ငံ ခေါင်းဆောင်များနှင့် ကမ္ဘောဒီးယား ဘုရင်ဟောင်း နိုရမ်ဒမ် သီဟာနုတို့က စတင် တည်ဆောက်ထားခဲ့သော နှစ်နိုင်ငံ ဆက်ဆံရေးက အလွန် အဖိုးတန်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် ဆက်ဆံရေး မြှင့်တင်သွားရန် ကမ္ဘောဒီးယား တော်ဝင် မိသားစုက ကတိပြုခဲ့ကြောင်းလည်း ရှီက ဖြည့်စွက် ပြောကြားခဲ့သည်။
နှစ်နိုင်ငံ အဆင့်မြင့် ဆက်သွယ်မှု ထိန်းသိမ်းခြင်း၊ အပြန်အလှန် အကျိုးရှိရှိ နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်ခြင်း၊ ဖွံ့ဖြိုးမှု မဟာဗျူဟာ ညှိနှိုင်းဆောင်ရွက်မှု အကျိုးရလဒ်များ၊ အဓိက စီမံချက်များတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ခြင်းနှင့် ဘက်စုံ ရေးရာများတွင် ခိုင်မာစွာ ညှိနှိုင်း ဆောင်ရွက်ကြရန် ရှီက တိုက်တွန်း ပြောကြားခဲ့သည်။
မနှစ်က ကမ္ဘောဒီးယားသို့ လာရောက်ခဲ့သည့် ရှီ၏ ခရီးစဉ်အား ကမ္ဘောဒီးယား ဘုရင်နှင့် မယ်တော်တို့က ပြန်လည် အောက်မေ့ကာ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တောင့်တင်း ခိုင်မာလာစေရန် ဖြည့်စွက် ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား တော်ဝင် မိသားစု၊ အစိုးရနှင့် ပြည်သူများသည် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးမှုအတွက် တရုတ်နိုင်ငံ၏ ထောက်ပံ့ပေးမှုအား ကျေးဇူးတင်ကြောင်း၊ ကမ္ဘောဒီးယား ဘုရင်ဟောင်း သီဟာနု၏ တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှု မူဝါဒအား ဆက်လက် ဖော်ဆောင်သွားမည် ဖြစ်သလို နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာစွာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား ဘုရင် နှင့် ၎င်း၏ မယ်တော်တို့သည် မတ်လ ၃ ရက်က တရုတ်နိုင်ငံသို့ ရောက်ရှိခဲ့သည်။ (Xinhua)